Wednesday, November 6, 2019

ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် အခြေခံပညာကျောင်းများတွင် Teaching Assistant နှင့် Language Teacher ခန့်ထားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၄
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် နေ့စားလပေးဆရာဆရာမ Teaching Assistant နှင့် Language Teacher ခန့်ထားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွွန်းတည့် ၁၂ နာရီတွင် နေပြည် တော်ရှိပညာရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တိုင်းရင်းသားဘာသာစာပေသာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင် အထောက်အကူပြု ဆရာ ဆရာမများဖြစ်ကြသည့် Teaching Assistant နှင့် တိုင်းရင်းသားဘာသာသင် Language Teacher များ ခန့်ထားမှုများနှင့် စပ်လျဉ်း၍ အားနည်းချက် အားသာချက်များကို ပြန်လည် သုံးသပ်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက တက်ရောက် လာကြသူများအနေဖြင့် ဒေသတစ်ခုနှင့် တစ်ခုအတွေ့အကြုံများကို ဖလှယ်၍ အားနည်းချက်များ၊ အားသာချက်များကို စုပေါင်းအဖြေရှာပြီး ညှိနှိုင်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။ ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်တို့က Teaching Assistant နှင့် Language Teacher များခန့်ထားမှုနှင့် စပ်လျည်း၍ ရှင်းလင်းပြောကြားကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Teaching Assistant နှင့် Language Teacher များခန့်ထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးတင်ပြကြရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။











No comments:

Post a Comment