Friday, November 8, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းကျင်းပ

ရန်ကုန် ၂၀၁၉ နိုဝင်ဘာ ၃
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်၍ သင်ယူမှုအခွင့်အလမ်း မြင့်မားရေးအတွက် ကျောင်းအဆင့်တိုးများ တိုးမြှင့်ခွင့်ပြုနိုင်ခဲ့သည့်အတွက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားဦးရေ (၅၂၇၅၁၂၁)ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားဦးရေ (၅၁၇၈၇၇၅)ဦးအထိ ရှိလာပြီဖြစ်၍ သက်လွန် ကျောင်းသားဦးရေနှင့် ထပ်ကျော့ ကျောင်းသားဦးရေ သိသိသာသာလျော့နည်းလာပြီး ကျောင်းနေမြဲနှုန်းပိုမို ကောင်းလာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အလယ်တန်း ကျောင်းသားဦးရေ (၃၁၉၄၄၅၄)ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်း ကျောင်းသားဦးရေ (၃၂၈၇၆၀၂)ဦးအထိ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အထက်တန်း ကျောင်းသားဦးရေ (၁၁၀၃၁၀၇) ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အထက်တန်း ကျောင်းသားဦးရေ (၁၀၉၅၂၉၅) ဦးအထိ ရှိလာပါကြောင်း၊ Grade-5 စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်ကြည့်ပါက ၂၀၁၆ခုနှစ်တွင် စာဖြေသူ (၈၅၀၈၆၃)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၇၇၁၉၉၉)ဦး ရှိခဲ့ပါကြောင်း၊ ၂၀၁၇ခုနှစ်တွင် စာဖြေသူ (၉၂၅၀၁၄) ဦးရှိခဲ့ပြီး အောင်မြင်သူ (၉၂၂၂၉o)ဦး၊ ၂၀၁၈ ခုနှစ်တွင် စာဖြေသူ (၉၂၀၆၂၁)ဦးရှိခဲ့ပြီး အောင်မြင်သူ (၉၂၀၄၂၉)ဦး၊ Grade-9 စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်တွင် စာဖြေသူ(၇၇၁၉၉၉)ဦး ရှိခဲ့ပြီး အောင်မြင်သူ(၅၁၈၂၁၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် စာဖြေသူ(၉၂၂၂၉၀)ဦးရှိခဲ့ပြီး အောင်မြင်သူ(၆၂၅၇၄၃)ဦး၊ ၂၀၁၈ ခုနှစ် တွင် စာဖြေသူ(၉၂၀၄၂၉)ဦးရှိခဲ့ပြီး အောင်မြင်သူ(၆၆၁၈၇၈)ဦး၊ ၂၀၁၉ ခုနှစ်တွင် စာဖြေသူ(၉၄၁၅၉၀)ဦး ရှိခဲ့ပြီး အောင်မြင်သူ(၆၇၃၅၄၁)ဦးအထိ ရှိလာခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာဖြေသူ (၉၄၁၆၆၇) ဦးရှိခဲ့ပြီး အောင်မြင်သူ (၉၄၁၅၉၀)ဦးအထိ ရှိလာပြီဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ သူငယ်တန်း Grade-1, Grade-2, Grade-3, Grade-6 တွင် ကျောင်းသုံးဖတ်စာအုပ် အသစ်များ၊ ဆရာကိုင်စာအုပ် အသစ်များ၊ ကျောင်းသားဗဟိုပြု သင်ယူမှုနည်းလမ်း မွမ်းမံသင်တန်းများ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြုလက်တွေ့သင်ယူခြင်းများအတွက် နှစ်စဉ်ပိုမိုဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းသင်ယူခြင်း၊ စာသင်ခန်းအတွင်း မေးမြန်းဆွေးနွေးလာခြင်း၊ စဉ်းစားတွေးခေါ်နိုင်လာခြင်း၊ ပြဿနာဖြေရှင်းနိုင်လာခြင်း၊ သင်ယူပြီးရင်း ဆက်လက်သင်ယူခြင်း၊ နက်နက်နဲနဲသင်ယူခြင်းတို့ အားကောင်းလာစေရန်အတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ကို သိရှိရသည့်အတွက် လေးစားတန်ဖိုးထားရှိပါကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်တွင် Grade-2 ကျောင်းသား ကျောင်းသူများ အနေဖြင့် သင်္ချာဖတ်စာအုပ် အသစ်များဖြင့် သင်ယူရာတွင် သင်္ချာရမှတ်များ ပိုမိုကောင်းမွန်လာသကဲ့သို့ မြန်မာစာ၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကာယပညာဘာသာရပ်များကို ပိုမိုကြိုက်နှစ်သက်လာသည်ကို JICA ၏ သုတေသနအစီရင်ခံစာတွင် တွေ့ရှိရပါကြောင်းနှင့် မူလတန်းပြ ဆရာ ဆရာမများက သင်ရိုးသစ်ဖတ်စာအုပ်များကို သင်ကြားသင်ယူမှုနည်းလမ်း အသစ်များဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်ပြီး စာသင်ခန်းအတွင်းရှိ မူလတန်း ကျောင်းသား ကျောင်းသူ အားလုံး စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် ပိုမိုကြိုးပမ်း အားထုတ်လာသည့်အတွက်လည်း အထူးဂုဏ်ယူမိပါကြောင်း၊ မူလတန်းကျောင်းသား ကျောင်းသူများ စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်လာသဖြင့် ကျောင်းတွင် ပိုမိုပျော်ရွှင်လာကြပြီး မူလတန်းသင်ယူပြီးမြောက်သူ ဦးရေလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည့်အတွက် အလယ်တန်း၊ အထက်တန်း ပညာဆက်လက် သင်ယူကြသဖြင့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြဆရာ ဆရာမများအားလုံး ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးများနှင့် အခြေခံပညာဦးစီးဌာနတို့ကလည်း လိုအပ်သောပံ့ပိုး ဖြည့်ဆည်းပေးမှုများကို ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ သင်ယူပြီးမြောက်ရာတွင်လည်း စဉ်းစားတွေးခေါ်မှုကို အားပေးသော စစ်ဆေးအကဲဖြတ်မှုများဖြင့် လူသားကောင်းများဖြစ်လာရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံးဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်း ရှိရေးတို့အတွက် စာသင်ခန်းအတွင်း အကဲဖြတ်ခြင်း၊ ကျောင်းအဆင့်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆောင်ရွက်ရာတွင် မေးခွန်းလုံခြုံရေး၊ ဘက်မလိုက်ဘဲ တရားမျှတစွာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အရေးကြီးပါကြောင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များကို အားသာချက်များပိုမို အားကောင်းလာစေရန်၊ အားနည်းချက်များကို ပြန်လည်စိစစ်၍ ဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ရန်လည်း အရေးကြီးပါကြောင်း၊ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ မူဝါဒရေးဆွဲပြုစုပြီးဖြစ်သဖြင့် လမ်းညွှန်စာအုပ်ပြုစုနိုင်ရေးလည်း ဆရာ ဆရာမများ၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း၊ စွမ်းဆောင်ရည်မြင့်မားသော ဆရာ ဆရာမများ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ၊ သင်ယူမှုနည်းလမ်း မွမ်းမံသင်တန်းများ၊ သင်ယူတတ်မြောက်မှု ကောင်းမွန်ရေး စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ၊ သင်ယူမှုဝန်းကျင်ကောင်း ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် တမူထူးခြားသည့် နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ထို့နောက် Oxford Policy Management မှ Dr.Kelvin Gregory က မြန်မာနိုင်ငံ အခြေခံပညာရေး ပန်းတိုင်များ၊ သင်ကြားသင်ယူမှုနှင့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ADB-EYE Project မှ Assessment Expert ဖြစ်သူ Mr.Mostyn က သင်ကြားသင်ယူမှု ဖြစ်စဉ်တွင် အရေးပါသည့် အသိပညာ၊ ကျွမ်းကျင်မှု၊ သဘောထားများနှင့် တန်ဖိုးထားမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ JICA-CREATE TEAM မှ ဒေါ်ဌေးဌေးဟန်နှင့် ဒေါ်မြတ်မြတ်ခိုင်တို့က မူလတန်းအဆင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ Oxford Policy Management မှ Dr.Reg Allen က စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းသို့ အခြေခံပညာမူလတန်းမှ ဆရာ ဆရာမ(၂၃၁)ဦး၊ အလယ်တန်းမှ ဆရာ ဆရာမ(၁၀၂)ဦး၊ ကွန်ပျူတာဆရာ ဆရာမ(၁၄၃)ဦး၊ ဆရာ ဆရာမ(၄၇၆)ဦး စုစုပေါင်း (၈၁၄)ဦး တက်ရောက်ကြပြီး အောက်တိုဘာ (၃၀)ရက်မှ နိုဝင်ဘာ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။









No comments:

Post a Comment