Friday, November 8, 2019

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (၁၉)ကြိမ်မြောက် သုတေသနညီလာခံဆုပေးပွဲ အခမ်းအနား တက်ရောက်

ရန်ကုန် ၂၀၁၉ နိုဝင်ဘာ ၇
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ကြီးမှူးကျင်းပသည့် (၁၉)ကြိမ်မြောက် သုတေသန ညီလာခံ ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့ (၁၉)ကြိမ်မြောက် သုတေသန ညီလာခံတွင် အထူးပြုဘာသာရပ်(၃၂)ခုတွင် ဆရာ ဆရာမများ၊ ပညာရှင်များက သုတေသနစာတမ်း စုစုပေါင်း (၁၀၄၄)စောင်ကို တင်ပြဆွေးနွေး အကဲဖြတ်ခဲ့ကြပါကြောင်း၊ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၁၆ခုနှစ်တွင် အထူးပြုဘာသာရပ်(၂၂)ခုတွင် သုတေသနစာတမ်း စုစုပေါင်း (၁၉၅)စောင်ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အထူးပြုဘာသာရပ်(၂၆)ခုတွင် သုတေသနစာတမ်း စုစုပေါင်း (၃၀၇)စောင်ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အထူးပြုဘာသာရပ်(၂၅)ခုတွင် သုတေသနစာတမ်း စုစုပေါင်း (၄၅၅)စောင်ကို လည်းကောင်း တင်ပြဆွေးနွေး အကဲဖြတ်ခဲ့ကြပြီး နိုင်ငံတကာအသိအမှတ်ပြု သုတေသနဂျာနယ်များ ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်၌ အထူးပြုဘာသာရပ်အားလုံးတွင် သုတေသနစာတမ်း (၁၀၄၄)စောင်အထိ တိုးတက် များပြားလာပြီး အရည်အသွေးရှိသော သုတေသနစာတမ်းများကို နိုင်ငံတကာအသိအမှတ်ပြု သုတေသနဂျာနယ်များကို ထုတ်ဝေနိုင်တော့မည် ဖြစ်သည့်အတွက် သုတေသနညီလာခံ ဖြစ်မြောက်ရေး ဦးစီးဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အရည်အသွေးရှိသော အသုံးချသုတေသန စာတမ်းများပြုစုပြီး တင်ပြဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများ၊ ပညာရှင်များ၊ အကဲဖြတ်ပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ၁၉ ကြိမ်မြောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဆုများအဖြစ် ဝိဇ္ဇာဘာသာရပ်(၃)ဆု၊ သိပ္ပံပညာ ရပ်ဆု(၄)ဆု၊ လူမှုရေးပညာရပ်ဆု (၂)ဆုတို့ကို ချီးမြှင့်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဆရာ ဆရာမများ၊ ပညာရှင်များက နိုင်ငံတကာအသိအမှတ်ပြု သည့် သုတေသနဂျာနယ်များတွင် ရေးသားသည့် သုတေသနစာတမ်းများ ပိုမိုရေးသားလာသဖြင့် ၂၀၁၆ ခုနှစ်တွင် သုတေသနစာတမ်း (၃၁၃)စောင်၊ ၂၀၁၇ ခုနှစ်တွင် သုတေသနစာတမ်း(၄၄၅)စောင်၊ ၂၀၁၈ ခုနှစ်တွင် သုတေသနစာတမ်း (၅၆၆)စောင် စုစုပေါင်း သုတေသန စာတမ်း(၁၃၂၄) စောင်အထိ ရေးသားနိုင်ခဲ့ကြပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာသည်ကို တွေ့ရပါကြောင်း၊ ယနေ့ဆုချီးမြှင့်သည့် အခမ်းအနားတွင် ဆုရရှိသူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ချီးမြှင့်သည့်ဆုနှင့် လွဲခဲ့သော်လည်း အကောင်းဆုံးကြိုးစား၍ အရည်အသွေးရှိသော သုတေသနစာတမ်းများကို ပြုစုတင်ပြဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများ၊ ပညာရှင်များကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ဆရာ ဆရာမ များနှင့် ပညာရှင်များအနေဖြင့် အရည်အသွေးရှိသော အသုံးချသုတေသနဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သင်ယူရာတွင် တော်ကြသကဲ့သို့ ကျောင်းသား ကျောင်းသူများကိုလည်း စိတ်ခံစားမှု ဖွံ့ဖြိုးလာစေရန်နှင့် လူမှုရေး ဆိုင်ရာကျွမ်းကျင်မှုရှိစေရန် နက်နက်နဲနဲသင်ယူပြီး တစ်သက်တာသင်ယူရန်တို့အတွက် တစ်မူထူးခြားသော နည်းလမ်းများဖြင့် ဆောင်ရွက်လာကြသည်ကို အားပေးလျက် ရှိပါကြောင်း၊ တက္ကသိုလ်များ ဖွံ့ဖြိုးရေးအတွက်လည်း ကျောင်းသား ကျောင်းသူများအား အသင်းအဖွဲ့စိတ်ဓာတ် ဖြင့်ပူးပေါင်းဆောင်ရွက်ရန်၊ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းတီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေးအတွက် အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်မလိုက်ဘဲ၊ တရားမျှတစွာ ထိရောက်ပွင့်လင်းမြင်သာမှုရှိသော စီမံခန့်ခွဲမှုဖြင့် အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်း ဖြစ်လာရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အမှု‌ဆောင်အဖွဲ့ဝင် ဆရာကြီးဒေါက်တာမောင်ကျော်က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ဆုအတွက် ဆုရအမည်စာရင်းအား ကြေညာသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဆုရရှိကြသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့က ၂၀၁၉ ခုနှစ် (၁၉)ကြိမ်မြောက် သုတေသနညီလာခံမှ အကောင်းဆုံး သုတေသနစာတမ်းဆု ရရှိကြသူများအား ကြေညာသည်။ ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် တာဝန်ရှိသူများက (၁၉)ကြိမ်မြောက် သုတေသနညီလာခံမှ အကောင်းဆုံးသုတေသနစာတမ်း ဆုရရှိကြသူများအား ဆုများချီးမြှင့်ကြသည်။ ထို့နောက် ဆုရရှိကြသူများကိုယ်စား စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန လက်ထောက်ကထိက ဒေါက်တာရာဇာချစ်က ကျေးဇူးတင်စကား ပြောကြားသည်။ ၂၀၁၉ ခုနှစ် (၁၉)ကြိမ်မြောက် သုတေသနညီလာခံ ဆုပေးပွဲတွင် ဝိဇ္ဇာပညာရပ်ဆုရရှိသူ(၃)ဦး၊ သိပ္ပံ ပညာရပ်ဆုရရှိသူ (၄)ဦး၊ လူမှုရေးပညာ ရပ်ဆု ရရှိသူ(၂)ဦးနှင့် အကောင်းဆုံး သုတေသနစာတမ်းဆု (၃၂) ဦးရရှိခဲ့ကြောင်း သတင်းရရှိသည်။

















No comments:

Post a Comment