ရန်ကုန် ၂၀၁၉ နိုဝင်ဘာ ၁၆
အခြေခံပညာအထက်တန်းဆင့်
Grade-10 ဦးဆောင်ပို့ချသူများဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်း အနားကို
ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub
ခန်းမ၌ ကျင်းပသည်။
အခမ်းအနားဖွင့်ပွဲတွင်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာ
စကားပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့်
အခြေခံပညာသင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိသည်ကို
အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ သင်ရိုးသစ်များကိုပြုပြင်
ပြောင်းလဲရခြင်းသည် ကျောင်းသားကျောင်းသူများကို
လူသားကောင်းများဖြစ်လာစေရန်၊ အချင်းချင်း
ပူးပေါင်းဆောင်ရွက်မှုများရှိလာစေရန်၊ ပညာရပ်ဆိုင်ရာနှင့်
အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်ယူမှု များအတွက် လိုအပ်သည့် အသိပညာ၊
ကျွမ်းကျင်မှုနှင့် ကောင်းမွန်သော သဘောထားအမြင်များနှင့်
တန်ဖိုးထားမှုများဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်း
တစ်ယောက်တွင်ရှိရမည့် အခြေခံစရိုက် လက္ခဏာများ၊ ဒီမိုကရေစီ
အလေ့အကျင့်ကောင်းများ၊ ပြည်သူ့နီတိကျင့်စဉ်များဖွံ့ဖြိုးတိုးတက် လာစေ ရန်
ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများကို ပြုပြင် ပြောင်းလဲရာတွင် KG+12
အစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG သင်ရိုးသစ်၊ ၂၀၁၇-၂၀၁၈
ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 နှင့် ယခု
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် အလယ်တန်း အဆင့်အတွက် Grade-6
သင်ရိုးသစ်များကို ပြောင်းလဲသင်ကြားလျက်ရှိပြီး လာမည့် ၂၀၂၀-၂၀၂၁
သင်နှစ်တွင် Grade-4, Grade-7နှင့် Grade-10 သင်ရိုးသစ်များ
ကိုပြောင်းလဲမည်ဖြစ်ပါကြောင်း။
အထက်တန်းအဆင့်ဖြစ်သည့်
Grade-10 ပါဝင်လာသည့်အတွက် ယခုပြောင်းလဲမှုသည် အလွန် အရေးကြီးပါကြောင်း၊
ယခင်သင်ရိုးနှင့်အခြေခံပညာအလယ်တန်းပြီးဆုံးလာသည့် ကျောင်းသား
ကျောင်းသူများကို အထက်တန်းသင်ရိုးသစ်နှင့် စတင်ထိတွေ့ပေးရ
မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခု သင်ရိုးသစ် Grade-10 ကို
ဆင့်ပွားသင်တန်းပေးရမည့် ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍသည် အလွန်
အရေးကြီးပါကြောင်း၊ ယခုသင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးနှင့်
နေပြည်တော် ပြည်ထောင်စုနယ်မြေမှ အထက်တန်းပြ ဆရာ၊ ဆရာမ
စုစုပေါင်း(၅၄၀)ဦးတက်ရောက်မည်ဖြစ်ပါ ကြောင်း၊ အထူးသဖြင့်
ဘာသာရပ်ခေါင်းဆောင်(Subject Dean)များ၊ သက်ဆိုင်ရာဘာသာရပ်တွင်
မဟာဘွဲ့ရရှိသူများ၊ သင်ရိုးသစ်နှင့် သင်ကြားရေးကို စိတ်ပါဝင်စားသူများ၊
သင်တန်းပြန်လည်ပို့ချ နိုင်သူများကို ရွေးချယ်တက်ရောက်စေခြင်း
ဖြစ်ပါကြောင်း။
ယခုတက်ရောက်လာသူများသည်
နောက်တစ်ဆင့်ဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် တွင်
ပို့ချပေးသူများအဖြစ် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ သင်ရိုးသစ်
Grade-10 တွင် ယခင် သင်ရိုးနှင့် ကွာခြားချက်သည်
ကျောင်းသားဗဟိုပြုသင်ကြားနည်းနှင့် အဓိကသင်ကြားသွားမည်ဖြစ်ပြီး
လက်တွေ့ဘဝတွင် တွေ့ကြုံရမည့် အခက်အခဲပြဿနာများကို
ကိုယ်တိုင်ဖြေရှင်းနိုင်သည့် အခြေ အနေများ ရရှိစေရန် ဆရာ ဆရာမများက
ဦးဆောင်ဖန်တီးပေးသွားရမည်ဖြစ်ပါ ကြောင်း၊ သင်ရိုးသစ်၏ သင်ခန်းစာများကို
သင်ယူလေ့လာခြင်းအားဖြင့် ကျောင်းသားကျောင်းသူများဟာ အချင်းချင်းပူးပေါင်း
ဆောင်ရွက်ခြင်း၊ တစ်ဦးကိုတစ်ဦးကူညီခြင်း၊
စဉ်းစားတွေးခေါ်သုံးသပ်တီထွင်တတ်ခြင်း အစရှိသည့် အလေ့အကျင့်များကို
ရရှိလာမည်ဖြစ်ပါကြောင်း။
လက်ရှိ
တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ်အတွဲ (၈) ခုရှိပါကြောင်း၊ ကျောင်းသား
ကျောင်းသူ အများစုယူကြသည့် ဘာသာတွဲများအနေဖြင့် ဘာသာတွဲ(၁) (၂)(၃)နှင့်
(၇)တို့ဖြစ်ပြီး ဘာသာတွဲ အားလုံးတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊
သင်္ချာဘာသာရပ်များကို မသင်မနေရ သင်ယူရပါကြောင်း၊ ဘာသာတွဲ(၁)တွင် ဓာတုဗေဒ၊
ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲ(၂)တွင် ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ ဘာသာတွဲ (၃)
တွင် ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာနှင့် ဘာသာတွဲ(၇)တွင် ဓာတုဗေဒ၊
ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များကို သင်ယူရပါကြောင်း၊ သင်ရိုးသစ် Grade-10 ကို
သင်ကြားရာတွင် ဘာသာရပ် အတွဲ ဖွဲ့စည်းပုံများကို
ပိုမိုထိရောက်အကျိုးရှိအောင်စီစဉ်ထားပါကြောင်း၊ ဘာသာတွဲများအနေဖြင့်
STEAMS-1, STEAMS-2, STAMS-1, STAMS- 2 တို့ဖြစ်ပါကြောင်း၊
ဘာသာတွဲတိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စာရိတ္တနှင့်
ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင် စရာ တို့ကို မသင်မနေရ သင်ယူရ မည်ဖြစ်ပြီး
ကာယပညာ၊ ပန်းချီနှင့် ဂီတဘာသာရပ်များထဲမှ တစ်ခုကိုရွေးချယ်သင်ယူရမည်ဖြစ်ပါ
ကြောင်း။
ဘာသာတွဲများအနေဖြင့် STEAMS-1
တွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နှင့် လူမှုရေးသိပ္ပံ (ပထဝီဝင်၊ သမိုင်း၊
ဘောဂဗေဒ)၊ STEAMS-2 တွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ နှင့် လူမှုရေးသိပ္ပံ
(ပထဝီ၊ သမိုင်း)၊ STAMS-1 တွင် ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ နှင့်
သိပ္ပံ(ဓာတုဗေဒ၊ ရူပဗေဒ ၊ ဇီဝဗေဒ)၊ STAMS- 2 တွင် စိတ်ကြိုက်မြန်မာစာ၊
ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ(ပထဝီဝင်၊ သမိုင်း) နှင့် သိပ္ပံ(ဓာတုဗေဒ၊ သမိုင်း)
နှင့် သိပ္ပံ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာရပ်များကို သင်ယူရမည်
ဖြစ်ပါကြောင်း၊ အခြေခံပညာပြီးမြောက်ကြောင်းလက်မှတ် (High School Completion
Certificate) အတွက်သာ ပေါင်းစပ်ဘာသာရပ် များကို စစ်ဆေးအကဲဖြတ်ပြီး
တစ်သက်တာသင်ယူမှုအခွင့်အလမ်း အတွက် အထောက်အကူပြုစေမှာဖြစ်ကြောင်း၊
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် (၆)ဘာသာဖြေဆိုရမည် ဖြစ်ပြီး
သင်္ချာနှင့်သိပ္ပံဘာသာရပ်များကို အင်္ဂလိပ် ဘာသာဖြင့်
သင်ယူရမည်ဖြစ်ပါကြောင်း။
အခုသင်ရိုးသစ်တွင်
သင်ယူရမည့် ဘာသာတွဲများအနေဖြင့် လက်ရှိတက္ကသိုလ်ဝင်တန်းမှ အတွဲ များနှင့်
ကွဲပြားခြားနားခြင်းမရှိဘဲ သိပ္ပံဘာသာရပ်များကို သင်ယူသူများအတွက်
လူမှုရေးသိပ္ပံဘာသာ တွဲ၊ ဝိဇ္ဇာဘာသာရပ်များကို သင်ယူတဲ့သူများအတွက်
သိပ္ပံဘာသာတွဲကို ဖြည့်စွက်ပေးထားခြင်းဖြစ်ပါ ကြောင်း၊ သင်ရိုးများကို
ရေးသားပြုစု ပေးသည့် ဘာသာရပ် SWC များ၊ CDT များ၊ EYE Project တို့မှ
တာဝန်ရှိသူများနှင့် ကျောင်းသုံးစာအုပ်များ၊ ဆရာ လမ်းညွှန်များကို
စိစစ်အတည်ပြုဆောင်ရွက်ပေး သည့် အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့်
အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့မှ ဆရာကြီး ဆရာမကြီးများအားလုံးကို
အထူးကျေးဇူးတင်ရှိပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက်
ထိရောက်အကျိုးရှိစေမည့် ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို
ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြ သူများအားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့်
အထူးကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
အခြေခံပညာအထက်တန်းဆင့်
Grade-10 ဦးဆောင်ပို့ချသူများ ဆိုင်ရာ သင်တန်းတွင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ အထက်တန်းပြ ဆရာဆရာမ(၅၄၀)ဦး တက်ရောက်လျက်ရှိပြီး
နိုဝင်ဘာလ(၁၃) ရက်မှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment