Monday, January 20, 2020

သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၀၂၀ ဇန်နဝါရီ ၁၇
သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး၀င်းမော်ထွန်းက ကရင်ပြည်နယ်အတွင်း သင်ယူမှု အခွင့်အလမ်း မြင့်မားရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး တင်ပြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးတို့က ပညာရေး သုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ စသည့်သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးတင်ပြဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများသိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်ချက်များဖြည့်ဆည်း နိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


၂၀၁၉ ခုနှစ် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင်‌့ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၀ ဇန်နဝါရီ ၁၈
၂၀၁၉ ခုနှစ် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးဝန်ကြီးဌာနနေနှင့် ဘက်စုံပညာ ထူးချွန်သော ကျောင်းသားလူငယ်များကို မြေတောင်မြှောက်ဂုဏ်ပြုချီးမြှင့်သော အစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြိုင်ပွဲကိုကျင်းပရာတွင် ဦးတည်ချက် (၄)ရပ် အဖြစ် မြန်မာစကားပြောဆိုရာတွင်လည်းကောင်း၊ မြန်မာစာရေးသားရာတွင်လည်ကောင်း မိမိဆိုလိုရင်းကို မှန်ကန်တိကျစွာ ပြောဆိုရေးသားတတ်စေရန်၊ မြန်မာစာ ရေးသားရာတွင် မြန်မာဗျည်း၊ သရ၊ အက္ခရာ၊ စာလုံးပေါင်း သတ်ပုံ၊ အနက်အဓိပ္ပာယ်၊ အသံထွက်များကို ရေးသား သုံးစွဲတတ်စေရန်၊ မြန်မာစာပေကို ထိန်းသိမ်းအပ်သော အမျိုးသားရေးလက္ခဏာ တစ်ရပ်အဖြစ် စောင့်ရှောက် နိုင်စေရန်နှင့် ဆုရကျောင်းသား၊ ကျောင်းသူများကို အားကျအတုယူပြီး မြန်မာစာပေကို တန်ဖိုးထားလေ့လာ လိုက်စားလိုသူများ ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးကျင်းပ ပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ၏ အသက်အရွယ်၊ ဉာဏ်ရည်ဉာဏ်သွေး၊ ကျင်လည်ရာပတ်ဝန်းကျင်နှင့် အတွေ့အကြုံဗဟုသုတများကို အခြေခံပြီး စစ်ဆေးရွေးချယ်ခဲ့တယ်လို့ သိရှိရပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရေး၊ မြန်မာစာပေ ဖွံ့ဖြိုးရေး တိုးတက်စေရန် မြန်မာစာအရေးအသား၊ စာလုံးပေါင်းသတ်ပုံ၊ အနက်အဓိပ္ပာယ်၊ သဒ္ဒါအသုံးအနှုန်းမှန်ကန်စွာ အသုံးပြုနိုင်ရေးတို့ အတွက် မြန်မာစာ စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ဘာသာစကားသည် ပညာရေးမြှင့်တင်ရာတွင် အရေးပါပြီး လူသားများ၏ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သကဲ့သို့ စနစ်တကျ တီထွင်ဖန်တီးထားသော ရှုပ်ထွေး နက်နဲသည့် စနစ်များပါဝင်ကြောင်း၊ ယေဘုယျအားဖြင့် ရှင်သန်နေကြသော်လည်း ထိန်းသိမ်း စောင့်ရှောက်မှုများ မရှိပါက တိမ်ကောပျောက်ကွယ် သွားနိုင်ခြေရှိကြောင်း၊ ပုဂံခေတ်က စတင်ပေါ်ပေါက် ဖြစ်ထွန်းတိုးတက်လာခဲ့သော မြန်မာ ဘာသာစကားသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို ဖွံ့ဖြိုးတိုးတက်စေလျက် ယနေ့အထိ အစဉ်တည်တံ့ခိုင်မြဲနေဆဲပင်ဖြစ်ကြောင်း၊ မြန်မာစာပေတည်တံ့ခိုင်မြဲစေရန် ‘မြန်မာအဘိဓာန်ကျမ်း’၊ ‘မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်း’၊ ‘မြန်မာသဒ္ဒါကျမ်း’များကို ခေတ်စဉ်မပြတ် ပြုစုပြဋ္ဌာန်းရေးသား ထုတ်ဝေပေးလျက်ရှိသကဲ့သို့ နိုင်ငံတစ်ကာသုံးဘာသာစကားနှင့် ချိတ်ဆက်နိင်စေရန် မြန်မာ-အင်္ဂလိပ် အဘိဓာန်ကိုလည်း ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ‘ဘာသာစကားဆိုင်ရာ အဘိဓာန်’များ၊ ‘ပြဋ္ဌာန်းသတ်ပုံကျမ်း’များနှင့် ‘တိုင်းရင်းသား အဘိဓာန်’များကိုလည်း တိုးချဲ့ထုတ်ဝေ ပေးလျက်ရှိပါကြောင်း၊ မြန်မာ Native Speaker တစ်ယောက်၏ မြန်မာသံစစ်စစ်ကို မကြားဖူးသော တိုင်းရင်းသား ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသား ကျောင်းသား လူငယ်များ အတွက် Grade 1, 2, 3 မြန်မာဖတ်စာ အသံထွက် Software Application ကိုလည်း Online နဲ့ Mobile များတွင် Download ရယူနိုင်ပြီကို တွေ့ရှိရပါကြောင်း၊ အသက်တမျှအရေးပါသော မြန်မာစာပေနှင့် တိုင်းရင်းသားဘာသာစကားတို့ကို တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်သွားရမှာလည်းဖြစ်ပါကြောင်း၊ ယနေ့ လူငယ်၊ နောင်ဝယ်လူကြီးဖြစ်မည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်ထက်မြက်သော စာပေ ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်သူများအဖြစ်ပေါ်ထွက်လာရေးကို ရည်မှန်းပြီး မြန်မာစာစွမ်းရည်ပြိုင်ပွဲများကျင်းပ ပေးကာ မြေတောင်မြှောက်ပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာ စွမ်းရည်ပြိုင်ပွဲများကို နှစ်စဉ်အမြဲ စဉ်ဆက်မပြတ်ကျင်းပပြီး အနာဂတ်မျိုးဆက်သစ် မြန်မာစာပညာရှင်များ ပေါ်ထွက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြစေရန် တိုက်တွန်းလိုပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ ကလည်း မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ စာပေကိုထိန်းသိမ်းအပ်သော အမျိုးသားရေးလက္ခဏာ တစ်ရပ်အနေနှင့် ကြိုးပမ်းစောင့်ရှောက်သွားကြပါ၊ မိမိတို့နေရပ်ဒေသများသို့ပြန်လည်ရောက်ရှိသည့် အခါတွင် လည်း ဝန်းကျင်ဒေသ ဆက်စပ်နေရာများသို့ မြန်မာစာပေတိုးတက်ပြန့်ပွားအောင် ဆတက်ထမ်းပိုး ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) အခြေခံပညာအထက်တန်း အဆင့်တွင် ပထမဆုရရှိသူ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မဇူးဇူးအောင်၊ ဒုတိယဆုရရှိသူ မွန်ပြည်နယ်၊ ပေါင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း-ပေါင်မှ ဒသမတန်း ကျောင်းသား မောင်ဆန်းလင်းအောင်၊ တတိယဆုရရှိသူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ Top ကိုယ်ပိုင်အထက် တန်းကျောင်းမှ နဝမတန်းကျောင်းသူ မနှင်းအိအိရွှေတို့အားလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အခြေခံပညာအလယ်တန်း အဆင့်တွင် ပထမဆုရရှိသူ ကချင်ပြည်နယ်၊ တနိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အဋ္ဌမ တန်းမှ မောင်ကောင်းထက်သော်၊ ဒုတိယဆုရရှိသူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောက်အိုး၊ အဋ္ဌမတန်းမှ မအေးမြတ်ဇင်၊ တတိယဆုရရှိသူ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း-အောင်ဆန်း၊ အဋ္ဌမတန်းမှ မခိုင်ဆုသွယ်တို့အား လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ မြန်မာစာအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဒေါက်တာသန်းဦး၊ ဆရာကြီး ဒေါက်တာထွန်းတင့်နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းတို့က မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား လည်းကောင်း၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာလွင်လွင်စိုး၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦးတို့က မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အခြေခံပညာအလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ များအားလည်းကောင်း အသီးသီးဂုဏ်ပြုလွှာများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မြန်မာစာအဖွဲ့အဖွဲ့ဝင် ဆရာကြီး ဒေါက်တာခင်အေးက အခြေခံပညာ မြန်မာစာစွမ်းရည် ပြိုင်ပွဲ(ဗဟိုအဆင့်)ကျောင်းသားကျောင်းသူများ၏ ဖြေဆိုချက်များ အပေါ် သုံးသပ်အကြံပြု ပြောကြားသည်။
ဆက်လက်၍ ဆုရရှိသူများကိုယ်စား အခြေခံပညာအထက်တန်းအဆင့် ပထမဆုရရှိသူ မဇူးဇူးအောင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အခြေခံပညာအထက်တန်းအဆင့်တွင် (၁၈)ဦးနှင့် အခြေခံပညာအလယ်တန်းအဆင့်အတွင် (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။






အထက(၁) ဖြူး အမျိုးသားကျောင်း၏ နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ် ရာပြည့်ပွဲတော်ကျင်းပ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၈
အထက(၁)ဖြူး အမျိုးသားကျောင်း၏နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ် ရာပြည့်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် အဆိုပါကျောင်း၏ ရာပြည့်ရင်ပြင်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ရာပြည့်ရင်ပြင်အလှူရှင် ဒေါ်သန်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြသောင်းနှင့် ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအင်းရှောက် တို့က ရာပြည့်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စာကြည့်တိုက်အလှူရှင် ဒေါက်တာအောင်သိန်း၊ ဦးကျော်မြင့်၊ ဒေါက်တာဝင်းထွန်း၊ ဦးသန်းထွန်းအောင်နှင့် ဒေါက်တာနေမင်းဦး တို့က ရာပြည့်အထိမ်းအမှတ် အောင်ရတနာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာမောင်မောင်၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်သက်သက်နိုင်၊ အထက(၁)ဖြူး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူနှင့် ရာပြည့်ပွဲတော် ကျင်းပ ရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဝေတို့က ရာပြည့်ခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နဝမတန်းကျောင်းသား ကျောင်းသူလေးများက” မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား ဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားကျောင်းစတင်ချိန်မှစ၍ ယနေ့အထိ အစဉ်အဆက် ပညာရေးအားကောင်းအောင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြသည့် ဆရာကြီးဆရာမကြီးကို အထူးကျေးဇူးတင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း (၄၇၄၇၂)ကျောင်း ရှိပါကြောင်း၊ နှစ်စဉ် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေဖြင့် အခြေခံပညာကျောင်းများ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာသင်ဆောင် ဆရာဆရာမ၊ စာသင်ခန်း၊ စာသင်ခုံ၊ ကျောင်း၊ သိပ္ပံခန်း၊ စာကြည့်တိုက်၊ ခန်းမစသည့်ဖြင့် လိုအပ်ချက် များက ရှိနေဆဲပင် ဖြစ်ပါကြောင်း၊ ယနေ့ ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွင် အလှူရှင်များက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်း၏လိုအပ်ချက်များ ဖြည့်ဆည်းလှူဒါန်းပေးခြင်းကြောင့် ကျောင်းသူ ကျောင်းသား၊ ဆရာဆရာမများနှင့်မိဘများ ဝမ်းသာ ကြည်နူးကြရသလို ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ရပါ ကြောင်း၊
အရည်အသွေးရှိသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် မိဘပြည်သူများ၊ အလှူရှင်များ၊ ဆရာဆရာမ၊ကျောင်းသားကျောင်းသူများ၏ပူးပေါင်းဆောင်ရွက်မှုရှိမှသာ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားကျောင်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သူများနှင့် ယခုအချိန်အထိ တာဝန်ထမ်းဆောင်ဆဲ ကျောင်းအုပ်၊ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ၊ အလှူရှင်များအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းလက်တွဲကာ ကျောင်းတော်ကြီး၏ ပညာရေးဖွံ့ဖြိုး တိုးတက်ရေး ဆက်လက်ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ရာပြည့်ခန်းမအလှူရှင် ဒေါက်တာမောင်မောင်၊ စာကြည့်တိုက်အလှူရှင် ဒေါက်တာအောင်သိန်းတို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြသည်။
ဆက်လက်၍ အမျိုးသားကျောင်းရာပြည့်ကော်မတီဥက္ကဋ္ဌ ဦးအင်းရှောက်က ကျေးဇူးတင် စကားပြောကြားကာ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယနေ့ကျင်းပသည့် အထက(၁)ဖြူး အမျိုးသားကျောင်း၏ နှစ်(၁၀ဝ)ပြည့် ရာပြည့်အထိမ်း အမှတ်အခမ်းအနားတွင် အလှူရှင်များ လှူဒါန်းကြသည်မှာ ရာပြည့်ရင်ပြင် ကာလတန်ဖိုး ကျပ်သိန်း(၅၀)၊ အောင်ရတနာစာကြည့်တိုက် ကာလတန်ဖိုး ကျပ်သိန်း(၁၅၀ဝ)၊ ရာပြည့်ခန်းမ ကာလတန်ဖိုး ကျပ်သိန်း(၆၀ဝ) တို့ဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း(၂၁၅၀)ခန့်ရှိကြောင်း သိရသည်။







Saturday, January 18, 2020

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ WHO HQ မှ Director-General’s Representative ဖြစ်သူ Mr. Eillarasu Renganathan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ၁၇-၁-၂၀၂၀ ရက်နေ့ နေ့လည် ၁ နာရီတွင် WHO HQ မှ Director-General’s Representative ဖြစ်သူ Mr. Eillarasu Renganathan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။




ကျောင်းကျန်းမာရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) အခမ်းအနားကျင်းပ

ကျောင်းကျန်းမာရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) အခမ်းအနားကျင်းပ



သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး ၂၀၂၀ ဇန်နဝါရီ ၁၅
သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။






သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၃
သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော် မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်က နိုင်ငံတော်၏မူဝါဒအရ နေပြည်တော်အား ပညာရေးကိုအခြေပြုသည့် နယ်မြေတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်း၊ နေပြည်တော်၏တည်ဆောက်ပုံအရ ပညာရေးဖွံ့ဖြိုးရန်သင့်လျော်သည့် နယ်မြေဖြစ်သည့်အတွက် အနာဂါတ်မြို့ပြစီမံကိန်းကို ချမှတ်ဆောင်ရွက်နေပါကြောင်း၊ တစ်ချိန်တစ်ခါက နေပြည်တော်သည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသောနိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့်တက္ကသိုလ်များဖြစ်သော သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်တို့ တည်ရှိရာဒေသ ဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ ယင်းတက္ကသိုလ်များအပြင် တစ်ခြားသောတက္ကသိုလ်များ၊ နိုင်ငံတကာအသိ အမှတ်ပြုတက္ကသိုလ်ကြီးများ ဖွင့်လှစ်နိုင်ရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကျောင်းသင်္ခန်းစာများတွင်လည်း စာရိတ္တမဏ္ဍိုင်ခိုင်ခန့်စေမည့် သင်ရိုးများဖြင့် မြှင့်တင်ဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲမှ အနာဂါတ်တွင် အားကိုးရမည့်နိုင်ငံသူ နိုင်ငံသားကောင်းမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည့် အကျိုးရလဒ်ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းနေအရွယ်ကလေးများ မူကြိုမှစ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ တက္ကသိုလ်ပညာရေး၊ ဘဝတစ်သက်တာအတွက် အလုပ်လုပ်ရင်း ထပ်လိုအပ်၍သင်ယူသော ပညာရေးအထိ သင်ယူနိုင်ရန်အခွင့်အလမ်းသည် အရေးကြီးပါကြောင်း၊ သင်ယူမှုအခွင့်အလမ်း မြင့်မားရေးနှင့် အရည်အသွေးရှိသော သင်ယူမှုပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အထက (၂) ပျဉ်းမနားတွင်ကျင်းပသည့် ဆဋ္ဌမတန်းဆွေးနွေးပွဲသင်တန်းတွင် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေပါကြောင်း၊ အဓိကမှာ ပညာရေးစနစ်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံများအား ရင်ပေါင်တန်းပြီး အချိန်အတိုအတွင်း အမီလိုက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ကျောင်းသား ကျောင်းသူများအား အခြားနိုင်ငံများမှ ကျောင်းသား ကျောင်းသူများထက် တစ်မူထူးပြီးတော်စေချင်ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင်တော်စေချင်ပါကြောင်း၊ ကျောင်း၊ ကျောင်းအုပ်၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖြေရှင်း ဆောင်ရွက်ပေးရန်၊ မိမိတို့နိုင်ငံသားများ အတူပူးပေါင်းပြီး အစုအဖွဲ့အလိုက်ဆောင်ရွက်ရာတွင် တော်စေချင်ပါကြောင်း၊ မိမိတို့လူမှုအသိုင်းအဝိုင်း ပျော်ရွှင်ရန် တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့် ကလေးငယ်များကို မွေးထုတ်ချင်ပါကြောင်း၊ အဓိကကျသည်မှာ ဆရာ ဆရာမများဖြစ်ပါကြောင်း၊ သင်တန်းသား ဆရာ ဆရာမများအနေဖြင့် သင်ယူရာတွင် တော်ကြသည်ကိုသိရှိပါကြောင်း၊ သင်ယူရာတွင်တော်ကြသကဲ့သို့ သင်ကြားရာတွင်လည်း တော်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ စာသင်ချိန်နှင့်ကျောင်းတွင် ပျော်ရွှင်အောင် မည်သို့ဆောင်ရွက်ရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ကလေးများ ကျောင်းသွားရသည်ကို ပျော်မှသာ ပညာတတ်များဖြစ်မည် ဖြစ်ပါကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၁ရာစုပညာရေးစနစ်နှင့်အညီ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစုခြင်း၊ သင်ကြား သင်ယူမှုနည်းလမ်းများ ကောင်းမွန်စေရေး ဆရာ ဆရာမများအားလုံးကို သင်တန်းပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ဆရာ ဗဟိုပြုသင်ကြားမှုမှ သင်ယူသူ ဗဟိုပြုသင်ကြားသင်ယူလေ့ကျင့်ပေးသည့် ပရိုဂျက်အခြေပြုသင်ယူရေး မွမ်းမံသင်တန်းပေးခြင်းတို့ကို ခွင့်ပြုဘဏ္ဍာငွေအရ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာမေးပွဲဖြေရန်သင်ယူခြင်းထက် တစ်သက်တာသင်ယူနိုင်ရန်၊ အလွတ်ကျက်မှတ်သည့်ပညာရေးစနစ်မှ နက်နက်နဲနဲသင်ယူကာ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ အနာဂတ်သာယာလှပရေးအတွက် ပညာရေးတွင် ရင်းနှီးမြုပ်နှံဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိရာ ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးမိသားစုများ အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အတွေ့အကြုံများကိုအခြေခံ၍ အားသာချက်များကို ပိုမိုအားကောင်းမွန်အောင် အားနည်းချက်များကို ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီးအားကောင်းအောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းစသည်ဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဏ္ဍ၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ စသည့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသူများ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ် ထိန်းသူ ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။






Friday, January 10, 2020

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တောင်ငူပညာရေးကောလိပ် ပညာရေးမိသားစုများနှင့် တွေ့ဆုံ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တောင်ငူပညာရေး ကောလိပ် ပညာရေးမိသားစုများ တွေ့ဆုံပွဲအခမ်းအနားကို ၉၊ ၁၊ ၂၀၂၀ ရက်နေ့ နံနက်(၉)နာရီတွင် တောင်ငူပညာရေးကောလိပ် ပညာရတနာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ယူနက်စကို (မြန်မာ) Head of Office နှင့် ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တောင်ငူပညာရေးကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဆရာအတတ်သင်ပညာရေး ပြုပြင်ပြောင်းလဲမှုဗီဒိယိုကို ပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး တိုးတက်မြင့်မားရေး (Strengthening Pre-service Teacher Education in Myanmar) STEM Project ကို ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီ ပံ့ပိုးပေးသော သြစတြေးလျနိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံအစိုးရ၊ ဗြိတိသျှအစိုးရ ယူနက်စကို(မြန်မာ)တို့ကို လှိုက်လှဲစွာကျေးဇူးတင်ပါကြောင်း၊ ၂၀၁၄ခုနှစ်မှ စတင်၍ (STEM Project) အစီအစဉ်ဖြင့် မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်တန်းပို့ချမှုအစီအစဉ်နှင့် ဆရာ၊ ဆရာမများအား ဆန်းစစ်သုံးသပ်၍ လက်မှတ်ပေးအပ်မှု အစီအစဉ်တို့ကို အထောက်အကူပြုပေးမည့် ဆရာအတတ်ပညာ တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (Teacher Competency Standards Framework - TCSF) မူကြမ်းကို ရေးဆွဲနေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် (၂)နှစ်သင်ပညာရေးကောလိပ်မှ (၄)နှစ်သင်ပညာရေးဒီဂရီ ကောလိပ်သို့အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဗဟိုအဖွဲ့ (Curricu lum Core Team- CCT)ကို ၂၀၁၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပြည်‌ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမများ၊ အငြိမ်းစား ပညာရေးပညာရှင်များဖြင့် UNESCO ၏ နည်းပညာအကူအညီ၊ Australia Government, Finland Government, UK Government တို့၏ ငွေကြေး အကူအညီဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်း ကျွမ်းကျင်ပညာရှင်တို့ ပူးပေါင်းကာ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲလျက်ရှိရာ ပထမနှစ်အတွက် ရေးသားပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျန်နှစ်များအတွက် သင်ရိုးများကို ဆက်လက်ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ သင်ရိုးရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိအောင် သင်တန်းမျာ ပို့ချပေးခဲ့ပြီး စဉ်ဆက်မပြတ် ကျွမ်းကျင်မှုများရရှိအောင် (Education for Sustainable Development) ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပညာရေးကောလိပ်များတွင် ICT နည်းပညာဖြင့် သင်ကြားသင်ယူမှုစွမ်းရည် တိုးတက်အောင် သင်တန်းများပို့ချပေးခြင်းနှင့် Internet တပ်ဆင်ခြင်း၊ Online Learning Portal အသုံးပြု၍ သင်ကြားမှု နည်းပညာများ ပံ့ပိုးပေးခြင်း၊ ICT အထောက်အကူပြု ပစ္စည်းများ (Laptops, Mini pads) များ ပံ့ပိုးဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ (၄)နှစ်သင်သင်ရိုးသစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် Ms.Min Jeong Kim ယူနက်စကို (မြန်မာ) Head of Office ၊ တောင်ငူပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဗဟိုအဖွဲ့ဝင် (CCT Member) ဆရာမဒေါ်မေရီချိုတို့က ဝမ်းမြောက်ကြောင်းအမှာစကားနှင့် (၂)နှစ်သင်ပညာရေးကောလိပ်မှ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်သို့ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များ ကျောင်းစာသင်ခန်းများ၌ သင်ကြားသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားကြောင်း သိရသည်။






ပြည်ထောင်စုဝန်ကြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ
နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄) အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ သင်တန်းသားတစ်ဦးချင်းစီအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်သည်။ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနား၌ ဝန်ကြီးဌာန ၁၈ ခုနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၉ ခုတို့မှ အရာထမ်း(၈၃)ဦးနှင့် အမှုထမ်း(၉၃)ဦးတို့သည် ပညာရေးဝန်ကြီးဌာနက ချီးမြှင့်သော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအောင်လက်မှတ်ကို လက်ခံရရှိကြမည် ဖြစ်သောကြောင့် လှိုက်လှဲစွာချီးကျူး ဂုဏ်ပြုကြောင်း၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ဇွဲလုံ့လဖြင့် သင်ကြား၊ သင်ယူမှု၏ အောင်မြင်မှုကို အသိအမှတ်ပြုခွင့်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဘဝတစ်သက်တာ သင်ယူလေ့လာသူများ၏ အရည်အသွေး တိုးတက်လာစေရန် သင်ကြားသင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှ အစပြု၍ သင်ယူမှု ဝန်းကျင်ကောင်းများကို ဖန်တီးအားပေး လျက်ရှိကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ၏ အရည်သွေးမြှင့်တင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိတို့တတ်မြောက်ထားသော အင်္ဂလိပ်ဘာသာစကား စွမ်းရည်ဖြင့် သက်ဆိုင်ရာမိမိတို့ဝန်ကြီးဌာန အသီးသီးတွင် ပြန်လည်၍ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိလုပ်ငန်းခွင်တွင် အင်္ဂလိပ်စာကို အသုံးချနိုင်သော စွမ်းရည်သည် မိမိအလုပ်ကို ယုံကြည်ချက်အပြည့်ဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သောကြောင့် မိမိလုပ်ငန်းခွင်တွင် အောင်မြင်မှုပိုမို ရရှိလာမည်ဖြစ်ကြောင်း ရှေ့ဆက်လက်၍ မိမိကိုယ်ကို ထာဝရကျောင်းသားတစ်ဦး အဖြစ်လည်းကောင်း၊ ဘဝတစ်သင်တာ သင်ယူလေ့လာသူအဖြစ် လည်းကောင်း ခံယူကာ မိမိ၏အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကိုမြှင့်တင်လျက် နိုင်ငံတော်ကို ပိုမိုအလုပ်အကျွေးပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်များကို ကိုယ်တိုင်ပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းဆင်း အရာထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။