Friday, January 10, 2020

(၁၃)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၈
(၁၃)ကြိမ်မြောက်ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ၈-၁-၂၀၂၀ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအတွက် အလွန်အရေးကြီးသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် အတူပူးပေါင်း လက်တွဲပါဝင်ကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)အရ သူငယ်တန်း +၁၂ တန်းပညာရေးစနစ်ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်၍ ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာကိုင်စာအုပ်များပြုစုခြင်း၊ ဖြန့်ဝေခြင်းဆရာဆရာမများအား သင်တန်းပို့ချခြင်းတို့ကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေကြောင်း၊ ကျောင်းသားကျောင်းသူများအားအလွတ်ကျက်မှတ်မှုစနစ်မှ (၂၁) ရာစု ကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန်တွေးခေါ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စူးစမ်းလေ့လာမှုကိုအခြေခံ၍ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းအစရှိသည့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှချန်မထားဘဲကျောင်းသားကျောင်းသူများအားလုံးအရည်အသွေးရှိသောပညာကိုသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်နည်းပညာစီမံခန့်ခွဲမှု (Communication for Management–C4M Application)ကိုတိုင်းဒေသကြီး၊ ပြည်နယ် ၆ ခုတွင်စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအုပ်များနှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးပြည်နယ်ပညာရေးမှူးရုံးများအကြားတိကျခိုင်မာသောစာရင်းဇယားအချက် အလက်များအချိန်နှင့်တစ်ပြေးညီဆက်သွယ်ဆောင်ရွက် အသုံးပြုနိုင်သော စနစ်ဖြစ်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan–MSDP) နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals–SDGs) နှင့် ချိတ်ဆက်လျက် သူငယ်တန်း +၁၂ စနစ်၏ သင်ရိုးညွှန်းတမ်းအသစ်နှင့်လိုက်လျောညီထွေမှုရှိသည့် ၂၁ ရာစုကျွမ်းကျင်မှုများနှင့် ကိုက်ညီသောသင်ရိုးညွှန်းတမ်းများကို တက္ကသိုလ်များတွင် သင်ကြားပို့ချနိုင်ရေးအတွက်လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအားအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာစေရေး၊ အသိပညာ၊ အတတ်ပညာများနှင့် လုပ်ငန်းခွင်လိုအပ်ချက်များချိတ်ဆက်နိုင်ရေးအတွက် သိပ္ပံပြပွဲ၊ နည်းပညာပြပွဲ၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကိုကျင်းပပေးနိုင်ခဲ့ပြီးဆရာ၊ ဆရာများစွမ်းဆောင်ရည်မြင့်မားရေးအတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်စေပြီးပြည်တွင်း၊ ပြည်ပသုတေသနဂျာနယ်များ၌ သုတေသနစာတမ်းများပြုစုရေးသားရေးကိုအားပေးခဲ့ကြောင်း၊
အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာကျောင်းသားကျောင်းသူများအားလုံးမူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှုကင်းစင်ပပျောက်ရေး၊ အရက်သေစာသောက်သုံးမှု ကင်းစင် ပပျောက်ရေး၊ ကျောင်းသားထုအတွင်းကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်မှုပုံစံများလိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်တို့ကြောင့်ထိခိုက်ဒဏ်ရာရရှိမှုလျော့နည်းပပျောက်ရေး၊ ကျောင်းသား လူငယ်များကိုမျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေးရေးနှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေးတို့ကိုအသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခြင်းများကိုအားပေးလျက်ရှိကြောင်း၊ ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် နိုင်ငံတော်ဘတ်ဂျတ်၊ GPE grant၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဩစတြေးလျသံရုံး၊ JICA၊ဥရောပသမဂ္ဂ၊ ယူနီဆက်စကို ၊ ကမ္ဘာဘဏ်တို့ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပံ့ပိုးမှုများကိုပညာရေးဝန်ကြီးဌာနအနေဖြင့် အကျိုးရှိထိရောက်စွာသုံးစွဲဆောင်ရွက်လျက်ရှိကြောင်း၊
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုခြင်းလုပ်ငန်းများနှင့် အရည်အသွေးရှိသောပညာရေးစနစ်အောင်မြင်နိုင်ရေးအတွက် ဆရာ ဆရာများ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း စသည့်ဖြင့် ပြောကြားသည်။
ထို့နောက် ယူနက်စကို ဌာနေကိုယ်စားလှယ် (Ms. Min Jeong Kim) က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များက ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားရေးအတွက် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အားနည်းချက် အားသာချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအကြံပြု ဆွေးနွေးကြသည်။
ယနေ့အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။




No comments:

Post a Comment