Friday, January 10, 2020

ပြည်ထောင်စုဝန်ကြီး ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲတက်ရောက်

ရန်ကုန် ၂၀၂၀ ဇန်နဝါရီ ၆
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခါသမယ၌ ဆရာတိုင်း၊ ကျောင်းသားတိုင်း ကျန်းမာပျော်ရွှင်ရန် အရေးကြီးသည်နှင့်အညီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဉပက္ခာတို့ကို လက်ကိုင်ထားလျက် သင်ယူတတ်မြောက်မှု မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဤစာတမ်းဖတ်ပွဲ၏ အတိတ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်နည်းလမ်းများကို ရှာဖွေခြင်းခေါင်းစဉ်သည် ပညာရေး ပြုပြင်ပြောင်းလဲမှုတွင်လည်း အတိတ်နှင့်ပစ္စုပ္ပန်၏ စွမ်းဆောင်ရည်များကို ပြန်လည်သုံးသပ်လျက် အနာဂတ်အတွက် စီမံကိန်းနှင့် မူဝါဒများချမှတ်ရန် အရေးပါပုံကို သတိပြုမိစေကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးမူဝါဒဖြင့် အရည်အသွေးရှိသော ပညာရေးကို လူတိုင်းသင်ယူခွင့်ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍပြုပြင် ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာတွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဘဝတစ်သက်တာ သင်ယူလေ့လာသူများ၏ အရည်အသွေး တိုးတက်လာစေရန် သင်ကြားသင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှ အစပြု၍ သင်ယူမှုဝန်းကျင်ကောင်းများကို ဖန်တီးအားပေးလျက်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သုတေသနသည် တက္ကသိုလ်၏အသက်ဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေး (Research & Development) သည် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုအတွက် အရေးပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ဆရာ၊ ဆရာမ အားလုံးပါဝင်သော သုတေသနယဉ်ကျေးမှုကို အားပေးလျက် ပေါင်းစည်းသုတေသန (Research Integrity)ကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ သုတေသနဆောင်ရွက်ရာတွင် လှုံ့ဆော်မှု(Motivation)သည် အရေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် အသုံးချသုတေသနကို အားပေးလျက် ၂၀၁၈ခုနှစ်မှ စတင်၍ အရည်အသွေးအခြေပြု (Merit-based) ရာထူးတိုးစနစ်ကို စတင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ပညာရပ်စာစောင်များတွင် သုတေသနဆောင်းပါးများ နှစ်စဉ်ပါဝင်ရေးသားလျက်ရှိရာ တိုးတက်လာပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းလျက် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး (Public-Private Partnership)ကို မြှင့်တင်လျက်ရှိသကဲ့သို့ ဒေသလုပ်သားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် စွမ်းရည်အခြေပြုကာလတို နည်းပညာနှင့် သက်မွေးပညာ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း၊ ထို့အတူ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့သင်တန်းအသစ်များကို သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဖွင့်လှစ်သင်ကြားနိုင်ရန် အားပေးလျက်ရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် တိုင်းရင်းသားစာပေလေ့လာမှု ဘွဲ့သင်တန်းသစ် စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသကဲ့သို့ ကျောင်းများ၊ တက္ကသိုလ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိကြောင်း၊ သင်ယူတတ်မြောက်ရေးအတွက် ထိရောက်သော ဆရာအတတ်သင် ပညာရေးသည် အရေးကြီးသဖြင့် ၂ နှစ်သင် ပညာရေး ကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်လျက်ရှိပြီး အခြေခံပညာသင်ရိုးညွှန်းတမ်းသစ်များနှင့် လိုက်လျောညီထွေဖြစ်မည့် သင်ရိုးများကို ပြုပြင်ရေးဆွဲလျက်ရှိကြောင်း ထည့်သွင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ ရန်ကုန်မြို့ရှိ တက္ကသိုလ် ၇ ခု နှင့် မန္တလေးမြို့ရှိ တက္ကသိုလ် ၇ ခု တို့ကို ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်များ (Autonomous Universities) ဖြစ်လာစေရန် အားပေးလျက်ရှိကြောင်း၊ မဟာဌာနကြီးများစနစ်ကို ကျင့်သုံးသည့် တက္ကသိုလ်ဖွဲ့စည်းပုံအသစ်များကို အတည်ပြုပြီးပါက တက္ကသိုလ်ပဋိဉာဉ်များကို ညှိနှိုင်းပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည်လည်း သင်ယူမှုအရည်အသွေး မြင့်မားရေးနှင့် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိသကဲ့သို့ ပါမောက္ခချုပ်များကော်မတီသည်လည်း တက္ကသိုလ်များ၏ အရည်အသွေးတည်ဆောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလျက်ရှိကြောင်း၊ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းစနစ်များကို သူငယ်တန်း+ ၁၂ သင်ရိုးသစ်များနှင့် လိုက်လျောညီထွေရှိစေရန်နှင့် ကျောင်းသားများ၏ ပြဿနာဖြေရှင်းရေး စွမ်းရည်၊ သင်ယူမှုစွမ်းရည်၊ ပုဂ္ဂိုလ်ရေးစွမ်းရည်နှင့် လူမှုစွမ်းရည်များ တိုးတက်လာစေရန် ပြန်လည်သုံးသပ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများ၏ အပြုသဘောဆောင်သော ရှုမြင်မှု၊ အပြုသဘောဆောင်သော တွေးတောမှုနှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုတို့ကို အားပေးလျက် ရည်မှန်းချက်ပန်းတိုင်၏ ပင်မတန်ဖိုးများ (Core Values of Goals) ဖြစ်ကြသော လူသားကောင်းဖြစ်မှု၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တီထွင်ဆန်းသစ်ဖန်တီးမှုတို့ဖြင့် မျက်မှောက်ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိစေရန် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၁ ရာစု နှစ်တွင် အဆိုပါ အရည်အသွေးများမရှိလျှင် လူငယ်မျိုးဆက်၏ အများစုမှာ အလုပ်အကိုင်ကောင်းရရှိရန် ခက်ခဲသည့်စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ကြောင်း၊ ထို့ကြောင့် ၂၁ ရာစုနှစ် အရည်အသွေးများကို ပိုင်ဆိုင်နိုင်ရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဉပက္ခာတို့ ပါဝင်သော ခံစားမှုအရည်အသွေး (EQ)နှင့် ဉာဏ်ရည်ဉာဏ်သွေး(IQ) တို့သည် လူတိုင်းအတွက် အရေးကြီးကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ အတိတ်မှ အတွေ့အကြုံအရ အရည်အသွေးရှိသော သင်ယူမှုသည် ပညာရေး၊ သင်ကြားရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အဓိကကျကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် နှစ်(၁၀၀)ပြည့်တော့မည်ဖြစ်ပြီး ရာပြည့်ဦးတည် ချက်(၅)ရပ်နှင့်အညီ အားစိုက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး သည် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသကဲ့သို့ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေး ပန်းတိုင် ၁၇ချက်(17 SDGs)နှင့် အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (NESP2021-2030)တို့ အောင်မြင်ရေးအတွက် သော့ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဉပက္ခာတို့ဖြင့် ပိုမိုငြိမ်းချမ်းသော၊ ကျန်းမာပျော်ရွှင်သော သင်ယူမှုဝန်းကျင် ကောင်းတစ်ခုကိုဖန်တီးလျက် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံ၏ဂုဏ်ဆောင်တက္ကသိုလ် (Flagship University) ဖြစ်လာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ပြည်တွင်းပြည်ပမှ စာတမ်းရှင် ဆရာတော်ကြီး (၃)ပါးမှ စာတမ်းများအား ဖတ်ကြားခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ရန်ကုန်တက္ကသိုလ်တွင် ဇန်နဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ပါမောက္ခ ဆရာတော်များနှင့် ပညာရှင်များက စာတမ်း ၆ စောင်ကို ဖတ်ကြားဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။







No comments:

Post a Comment