Friday, January 10, 2020

ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အရာရှိများနှင့် တွေ့ဆုံ

ရန်ကုန်  ၂၀၂၀ ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အရာရှိများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အရည်အသွေးရှိသော ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာတွင် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများတွင် ကျောင်းနေနှုန်းနှင့် ပြီးမြောက်မှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ အချိန်မီဖြန့်ဝေနိုင်ရေး အရေးကြီးပါကြောင်း၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ Project based Learning ဖြင့် ပူးပေါင်းသင်ယူခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ အရည်အသွေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် ၂ နှစ်သင် ပညာရေးကောလိပ် များအားလုံးကို ၄ နှစ်သင် ပညာရေးဒီဂရီ ကောလိပ်များအဖြစ်သို့ မြှင့်တင်ဆောင်ရွက်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမလိုအပ်ချက်အရ မြို့နယ်အလိုက် တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် အားပေးခြင်း၊ တိုင်းရင်းသားဒေသခံများကို ဦးစားပေးခြင်း၊ ရာထူးတိုးပြောင်းများကိုလည်း စွမ်းဆောင်ရည်နှင့် လုပ်သက်အရ အားပေးခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ စာကြည့်တိုက်များ ဖြည့်ဆည်းခြင်း၊ ကျောင်းသား ကျောင်းသူများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်များနှင့် အသင်းအဖွဲ့များအလိုက် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြေးခုန်ပစ်၊ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းစသည့် အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိပြီး (ကြက်တောင်၊ ရေကူး၊ စားပွဲတင်တင်းနစ်) စသည်တို့ကို လာမည့်နှစ်တွင် ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စာဖတ်စွမ်းရည် မြင့်မားလာစေရန် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများ၊ အိုင်စီတီစွမ်းရည် ပြိုင်ပွဲများကိုလည်း ကျင်းပပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အရက်သောက်သုံးခြင်း၊ စီးကရက်သောက်သုံးခြင်း အန္တရာယ်ကင်းဝေးစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ စည်းကမ်းတကျ လိုက်နာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ (Healthy Life Style)နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ဂိမ်းသုံးစွဲမှုလျှော့ချရေးတို့ကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများ၌ အမှိုက်ပုံးများတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဆရာ ဆရာမများ၊ မိဘဆရာအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျောင်းစီမံခန့်ခွဲရေး မွမ်းမံသင်တန်းများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် လမ်းညွှန်စာအုပ်များနှင့်အညီ မြို့နယ်ပညာရေးမှူးများက လိုအပ်ချက်များကို ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်ပိုမို မြင့်မားတိုးတက်လာစေရန် နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်းများကိုလည်း အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ သင်ယူမှုဝန်းကျင်ကောင်းများတွင် သင်ယူတတ်မြောက်မှုအရည်အသွေး ကောင်းမွန်ရေး၊ ပြဿနာကိုဖြေရှင်းနိုင်သော စွမ်းရည်များ၊ တစ်သက်တာသင်ယူနိုင်သော စွမ်းရည်များ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သော စွမ်းရည်များတိုးတက်လာစေရန် အားလုံးကပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားရာတွင် ဆရာ ဆရာမများအနေဖြင့် Social Media များသုံးစွဲရာတွင် Ethics, Code of Conduct များနှင့်အညီ လိုက်နာသုံးစွဲကြစေလိုကြောင်း၊ G-10 သင်ရိုးသစ်များ၊ Counselling များနှင့် သင်ရိုးသစ်ဘာသာတွဲများ နှင့်ပတ်သက်၍ မိဘများသိရှိနိုင်ရန် အသိပေးပြောကြားကြစေလိုပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို အတူတကွ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲကာလအတွင်း ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းသင်ကြား ပေးကြစေလိုကြောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အခြားဘာသာရပ်ကို Project based Learning ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ နေ့စားလပေး ရုံးဝန်ထမ်းများ ခန့်ထားနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများ ရာထူးတိုးပြောင်းများကိုလည်း ကျောင်းဖွင့်ချိန်မတိုင်မီ အပြီးသတ်ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပြီး ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူများ ကင်းရှင်းရန်လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရေး ဝန်ဆောင်မှုများ ပေးရာတွင် ပတ်သက်ဆက်နွယ်သူများကို နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံပြီး လေးလေးစားစား ဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိတို့ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။





No comments:

Post a Comment