နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၂
၂၀၁၉-၂၀၂၀
ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ပိတ်ပွဲနှင့်
ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၅နာရီခွဲတွင် နေပြည်တော်
အားကစားလေ့ကျင့်ရေးစခန်း Gold Camp ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ
သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ
အုပ်ချုပ်သူနည်းပြဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကျောင်းသား
ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ အားကစားလုပ်ခြင်းဖြင့် ကျန်းမာရေး
ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် အနိုင်အရှုံးထက်
ကျန်းမာဖို့သာလျှင် အဓိကဖြစ်ပြီး ကျောင်းသား ကျောင်းသူများ
ကျန်းမာမှသာလျှင် ဆေးရုံဆေးခန်းများသို့ သွားရန်မလိုအပ်မည် ဖြစ်ပါကြောင်း၊
သို့ဖြစ်၍ မောင်တို့မယ်တို့အနေဖြင့် ကိုယ်လက်လှုပ်ရှားမှုများကို
နေ့စဉ်လုပ်ဆောင်ရန် အရေးကြီးပါကြောင်း၊ မိမိ တို့ဝန်ကြီးဌာနအနေဖြင့်
ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ တည်းခိုနိုင်ရန် အခမဲ့စီစဉ်ဆောင်ရွက်
ပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက
အုပ်ချုပ်သူများအနေဖြင့် ပွင့်လင်းစွာ အကြံပြုပေးကြစေလိုပြီး
လာမည့်နှစ်ပြိုင်ပွဲများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်
ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက
အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ
သက်ကြီးရွယ်အိုအထိ လူတိုင်းအတွက် တစ်ဦးချင်းစီ၏ ရပ်တည်ခွင့်နှင့်
ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကလေးသူငယ်
အခွင့်အရေး (၄)မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊
ဖွံ့ဖြိုးတိုးတက်မှုရှိရန်နှင့် ပါဝင်နိုင်ခွင့်ရှိရန်တို့ ဖြစ်ပါကြောင်း၊
ယင်း(၄)မျိုးကိုသိရှိပါက မိမိတို့ကဲ့သို့ အခြားသူများသည်လည်း
အစောင့်ရှောက်ခံခွင့် ရှိရမည်ဖြစ်ပြီး အပြန်အလှန်စောင့်ရှောက်
ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိ၏အခွင့်အရေးရပြီး သူများအတွက်
ဆောင်ရွက်ပေးခြင်းဖြင့် အခွင့်အရေးနှင့် တာဝန်ကိုယှဉ်တွဲသည့်အခါ
ဒီမိုကရေစီကျင့်စဉ်ဟုခေါပြီး ယင်းနှစ်ခုမျှတမှသာ ဒီမိုကရေစီထွန်းကားမည်
ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အောင်မြင်စွာ
ကျင်းပနိုင်ရေး ပံ့ပိုးကူညီသည့် မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက် Royal D မှ
ဒါရိုက်တာ ဦးဝေလင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ထို့နောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား
ပြောကြားရာတွင် ယခုကဲ့သို့ အားကစားပွဲတော်ကို
အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဦးစီးဆောင်ရွက်ကြသည့် အခြေခံပညာဦးစီးဌာနမှ
တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် အားကစားနှင့်
ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များ၊
အလှူရှင်များအားလုံးကို ပညာရေးဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊
ယခုကဲ့သို့ Gold Camp တွင် တည်းခိုနိုင်ရန် နိုင်ငံတော်အဆင့်
အားကစားသမားများ၊ ထူးချွန်သည့် အားကစားသမားများသာလျှင် တည်းခို၍ရသည့်
နေရာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူများအနေဖြင့် လာရောက်တည်းခိုနေထိုင်ပြီး နိုင်ငံတကာအဆင့်ဖြစ်သည့်
ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဆက်စပ်အားကစားကွင်းများတွင်
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အခွင့်အလမ်းများသည် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ကူညီပံ့ပိုးပေးမှုကြောင့် ဖြစ်သည့်အတွက်
မှတ်တမ်းတင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲ (၄)မျိုးကျင်းပနိုင်ရန်
ကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ဒိုင်လူကြီးများနှင့်တာဝန်ရှိ
သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆုရရှိမှုအခြေအနေများကို
ကြည့်လျှင်လည်း တစ်နှစ်ပတ်လုံး စနစ်တကျလေ့ကျင့် ယှဉ်ပြိုင်သောအသင်းများ
အောင်မြင်မှုရရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲများကို
ယှဉ်ပြိုင်ရာတွင် အားကစားသမားကောင်းစိတ်ဓာတ်၊ အသက်မှန်ကန်စွာ တရားမျှတစွာ
ယှဉ်ပြိုင်ခြင်းကို အားပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင်
အားကစားနည်း(၄)မျိုးကိုသာ ကျင်းပနိုင်ခဲ့ပြီး လာမည့်နှစ်တွင် ရေကူး၊
စားပွဲတင်တင်းနစ်၊ ကြက်တောင်အားကစားနည်းများကို ထည့်သွင်းပြီး အားကစားနည်း
(၇)မျိုးဖြင့် ယှဉ်ပြိုင်နိုင်စေရန် တာဝန်ရှိသူများအနေဖြင့်
ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊
အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ အားကစားနည်း (၄)မျိုး (ဘောလုံး၊
ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)ဖြင့် ကျင်းပခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment