နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၈
နေပြည်တော်ရှိ
ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာ
စကားကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄)
အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်
နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကား
ပြောကြားကာ သင်တန်းသားတစ်ဦးချင်းစီအား သင်တန်းဆင်းအောင်လက်မှတ်များ
ချီးမြှင့်သည်။ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်
ယနေ့အခမ်းအနား၌ ဝန်ကြီးဌာန ၁၈ ခုနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၉
ခုတို့မှ အရာထမ်း(၈၃)ဦးနှင့် အမှုထမ်း(၉၃)ဦးတို့သည် ပညာရေးဝန်ကြီးဌာနက
ချီးမြှင့်သော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအောင်လက်မှတ်ကို
လက်ခံရရှိကြမည် ဖြစ်သောကြောင့် လှိုက်လှဲစွာချီးကျူး ဂုဏ်ပြုကြောင်း၊
သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ဇွဲလုံ့လဖြင့် သင်ကြား၊
သင်ယူမှု၏ အောင်မြင်မှုကို အသိအမှတ်ပြုခွင့်ရသဖြင့်
ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဘဝတစ်သက်တာ
သင်ယူလေ့လာသူများ၏ အရည်အသွေး တိုးတက်လာစေရန် သင်ကြားသင်ယူမှု၊ လေ့ကျင့်ရေး၊
သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှ အစပြု၍ သင်ယူမှု ဝန်းကျင်ကောင်းများကို
ဖန်တီးအားပေး လျက်ရှိကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအား
အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ၏ အရည်သွေးမြှင့်တင်ရေးအတွက်
ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများသည်
မိမိတို့တတ်မြောက်ထားသော အင်္ဂလိပ်ဘာသာစကား စွမ်းရည်ဖြင့်
သက်ဆိုင်ရာမိမိတို့ဝန်ကြီးဌာန အသီးသီးတွင် ပြန်လည်၍ အထောက်အကူပြုနိုင်မည်ဟု
ယုံကြည်ကြောင်း၊ မိမိလုပ်ငန်းခွင်တွင် အင်္ဂလိပ်စာကို အသုံးချနိုင်သော
စွမ်းရည်သည် မိမိအလုပ်ကို ယုံကြည်ချက်အပြည့်ဖြင့် လုပ်ကိုင်နိုင်စွမ်း
ရှိလာမည်ဖြစ်သောကြောင့် မိမိလုပ်ငန်းခွင်တွင် အောင်မြင်မှုပိုမို
ရရှိလာမည်ဖြစ်ကြောင်း ရှေ့ဆက်လက်၍ မိမိကိုယ်ကို ထာဝရကျောင်းသားတစ်ဦး
အဖြစ်လည်းကောင်း၊ ဘဝတစ်သင်တာ သင်ယူလေ့လာသူအဖြစ် လည်းကောင်း ခံယူကာ
မိမိ၏အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကိုမြှင့်တင်လျက် နိုင်ငံတော်ကို
ပိုမိုအလုပ်အကျွေးပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင်
ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းသား၊
သင်တန်းသူ တစ်ဦးချင်းစီအား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်များကို
ကိုယ်တိုင်ပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းဆင်း အရာထမ်းတစ်ဦးက
ကျေးဇူးတင်စကား ပြောကြားကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို
ရုတ်သိမ်းလိုက်သည်။
No comments:
Post a Comment