Friday, October 18, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ၂၀၁၉ အောက်တိုဘာ ၁၆
၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၊ အမျိုးသားအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်ဆရာသမဂ္ဂများမှ ဆရာ ဆရာမ ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ယခုလို မြန်မာ့ပညာရေးအတွက် ထူးခြားလေးနက်ပြီး အနှစ်သာရပြည့်ဝတဲ့ ပညာရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ အဖွင့်အမှာစကား ပြောကြားရတဲ့အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ မျက်မှောက်ကာလ နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာမှာ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်တဲ့အပြင် အမှန်တကယ် လိုအပ်နေတဲ့ မူဝါဒတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး အဘက်ဘက်က အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အမြောက်အမြား လိုအပ်ပါတယ်။ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမယ့် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍမှာ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာ အဆင့်မီစေဖို့ ကြိုးပမ်းဆောင်ရွက် နေရခြင်းဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အရည်အသွေးရှိတဲ့ အမျိုးသားပညာရေးစနစ်ကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို ပညာရေးမြှင့်တင်မှုတွေ ဆောင်ရွက်ရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ပညာရေးနှီးနှောဖလှယ်ပွဲမှာ စာတမ်း (၁၁)စောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး ဖတ်ကြားဆွေးနွေးခဲ့ကြတဲ့ စာတမ်းများအရ ရှေ့ဆက်ဆောင်ရွက်ရမယ့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ဒီနှစ်မှာလည်း အဆင့်မြင့်ပညာကဏ္ဍရဲ့ နယ်ပယ်ပေါင်းစုံနဲ့ သက်ဆိုင်တဲ့ စာတမ်းပေါင်း (၁၆)စောင် တင်သွင်းဖတ်ကြားပြီး၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်များ ရရှိရေးအတွက် ပူးပေါင်းညှိနှိုင်း ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။ ဒီနှစ်ဖတ်ကြားတင်သွင်းမယ့် စာတမ်းတွေဟာလည်း ယခင်နှစ်တွေက ဖတ်ကြားခဲ့တဲ့ စာတမ်းများလိုပဲ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ လူသားတစ်ယောက်အတွက် ပညာရေးဆိုတာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမယ့်အရာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ အရင်းအနှီးတစ်ရပ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၁ ရာစု နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ လူသားအရင်းအမြစ်ဟာ အထူးအရေးကြီးလှပါတယ်။ ဒါကြောင့် အဆင်မြင့်ပညာအနေနဲ့ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်မယ့်၊ ခေတ်မီလူ့စွမ်း အားအရင်းအမြစ် ဈေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့၊ ကျွမ်းကျင်မှုအရည်အသွေး၊ အရည်အချင်းတွေ ပြည့်ဝတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ အထူးပဲအရေးကြီးပါတယ်။ ကမ္ဘာ့အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ အသက်မွေးဝမ်း ကျောင်းပညာတွေကို အားပေးပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက် မြင့်မားစေဖို့အတွက် ပညာရေးကဏ္ဍအသီးသီးမှာ အရည်အသွေး အာမခံစနစ်တစ်ရပ် ထားရှိရမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ အမျိုးသားပညာရေး အရည်အသွေးကို အဆင့်မြင့်မားလာစေပြီး သင်ကြား၊ သင်ယူမှုအပိုင်းကို တိုးတက်မြင့်မားစေဖို့ အတွက်အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာရှင်များ၊ ပညာရေးစီမံခန့်ခွဲသူများ၊ ကျောင်းများ၊ သင်တန်းများနဲ့ တက္ကသိုလ်များက ဦးဆောင်သူများရဲ့ အရည်အသွေးကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေကိုလည်း အလေးပေး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ အဆင့်မြင့်ပညာမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ရပ်ကတော့ သုတေသနလုပ်ငန်းပဲ ဖြစ်ပါတယ်။ အဆင့်မြင့်ပညာကဏ္ဍက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသား တွေဟာ မိမိတို့ စိတ်အားထက်သန်ရာ၊ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ သုတေသန လုပ်ငန်းတွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။ သုတေသန လုပ်ငန်းအသီးသီးက ရရှိလာတဲ့ ရလဒ်တွေကလည်း စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုအဆင့်ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အကျိုးပြုနိုင်မယ့် ရလဒ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ သုတေသနလုပ်ငန်းတွေ၊ ပရောဂျက်တွေကလည်း အရေအတွက်ထက် အရည်အသွေး မြင့်မားပြည့်ဝဖို့လိုပါတယ်။ ဒါ့အပြင် ကျွန်မတို့နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေ၊ ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။ အရင်နှစ်က ကျွန်မပြောခဲ့သလိုပဲ၊ သုတေသနလုပ်ငန်းတွေမှာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းပိုင်းက ပံ့ပိုးကူညီမှုတွေရအောင် လုပ်ကြပါလို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "အဆင့်မြင့်ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့သာမက လူသားပီသတဲ့ နိုင်ငံသားကောင်းတွေ၊ ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာစေရေး ကိုလည်း ပဲ့ကိုင်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီးပွားရေး အဖွဲ့အစည်းတွေ၊ စက်မှုလက်မှု လုပ်ငန်းတွေမှာ လိုအပ်နေတဲ့ အရည်အချင်းပြည့်မီတဲ့ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သလို အမြော်အမြင် ကြီးမားပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ နိုင်ငံသူနိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ဖို့လည်း လွန်စွာအရေးကြီးပါတယ်။ နိုင်ငံသူနိုင်ငံသား ကောင်းတွေကသာ ငြိမ်းချမ်းသာယာပြီး အတူတကွ လက်တွဲနေထိုင်နိုင်မယ့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသား ကောင်းတွေကပဲ ကမ္ဘာတစ်ဝန်းမှာ လူသားဆန်တဲ့၊ လူပီသတဲ့ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာဖို့ဆိုရင် ကျောင်းသူ ကျောင်းသားတွေကို စာသင်ခန်းအတွင်းမှာ သာမက ဘက်စုံဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပညာသင်ယူမှုကို စာသင်ခန်းထဲမှာပဲ ကန့်သတ်မထားဘဲ မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ တစ်သားတည်း ဆက်စပ်ဖြစ်ထွန်းအောင် လေ့ကျင့်ပျိုးထောင် ပေးကြရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှု ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးအတွက် စာဖတ်စွမ်းရည် အလေ့အကျင့်တွေ၊ စာပေပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အားကစားပွဲတွေကိုလည်း အားပေးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အမျိုးသားရေး စိတ်ဓာတ် နိုးကြားထက်သန်ပြီး ပြည်သူ့နီတိ၊ ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လူ့အခွင့်အရေးကို တန်ဖိုးထား လိုက်နာတတ်တဲ့ လူငယ်လူရွယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ ဦးတည် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ လက်တွေ့ကျတဲ့ ပညာရေးပြုပြင် ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာတွေကိုလည်း အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလူမျိုးစုများရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးနဲ့ တိုင်းရင်းသား ဘာသာစကားများ ရေရှည်တည်တံ့ရေး ဆောင်ရွက်မှုများကိုလည်း ဟန်ချက်ညီညီ ဖြည့်ဆည်းပေးသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ဒေသတစ်ခုချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဟာပဓာနကျတာနဲ့အမျှ ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းမှာရှိတဲ့ သယံဇာတအရင်းအမြစ်များနဲ့ ဆက်စပ်ပြီး ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို ရည်ရွယ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် စွမ်းရည်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ဒီလို စွမ်းရည်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အရည်အသွေး မြင့်မားတဲ့ ပညာရေးကသာ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကတစ်ဆင့် နိုင်ငံတော်က လိုအပ်လျက်ရှိတဲ့ အရည်အသွေး မြင့်မားတဲ့ အဆင့်မြင့်ပညာရေးကို ဖော်ဆောင်ရာမှာ ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးအကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ ယခုကျင်းပတဲ့ နှီးနှောဖလှယ်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်ကောင်းတွေကတစ်ဆင့် ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မညီမျှမှုများ၊ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို၊ နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်မှုတို့အတွက် မိမိတို့ကျရာနေရာကနေ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝနဲ့ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်မပြောလေ့ပြောထရှိတဲ့ စကားတစ်ချို့ကို ပြန်ပြောချင်ပါတယ်။ ကျွန်မတို့အားလုံးအတွက် အရေးကြီးတာကတော့ ပူးပေါင်းဆောင်ရွက်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ပညာရေးလောကမှာရော၊ ကျွန်မတို့ရဲ့ နိုင်ငံရေးလောကမှာရော အခုဆိုရင် သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင်ဖြစ်မှုဆိုတာကို အလေးမထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်။ စုပေါင်းပြီး ဆောင်ရွက်မှသာ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ ကျွန်မတို့ အခုဒီနှစ်တွေ အတွင်းမှာဆိုရင် ကျွန်မတို့ နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွေ ခဏခဏလုပ်တာကို သတိပြုမိပါတယ်။ အားလုံးက ခေါင်းဆောင်ချည်းပဲ လုပ်ချင်ကြတယ်။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ အားလုံးက ခေါင်းဆောင်လုပ်ရင် ဘယ်သူက နောက်ကလိုက်မှာလဲ။ အရေးကြီးတာက စုပေါင်းပြီး အစုအဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ပဲ။ အင်္ဂလိပ်လိုပြောရင် Teamwork ပါ။ ဒီလို အစုအဖွဲ့တစ်ခုအနေနဲ့လုပ်ရင် ဦးဆောင်မှုပေးနိုင်တဲ့ လူတွေကသူတို့အလိုလို သူတို့ရဲ့ဆောင်ရွက်ချက်အရ ပေါ်လာပါမယ်။ ဒါပေမယ့် ဒီလို ဦးဆောင်မှုပဲပေးတဲ့နေရာမှာ တခြားလူတွေနဲ့ တန်းတူညီတူဖြစ်တယ် ဆိုတာလည်း သူတို့သဘောပေါက်ပြီးတော့မှ ထွက်လာတဲ့ ခေါင်းဆောင်တွေမို့လို့ ပိုပြီးတော့ ထိရောက်မယ်၊ ပိုပြီးတော့ နိုင်ငံကို အကျိုးပြုမယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုအားလုံးကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့အားလုံးဟာ စုပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်ကိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်စေချင်ပါတယ်။ ကိုယ်တစ်ယောက်ကပဲ ရှေ့ကနေမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့မဟုတ်ဘဲနဲ့ အားလုံးနဲ့ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အားနည်းချက်တွေဆိုရင် ပြုပြင်နိုင်မယ်။ အားသာချက်တွေကို အများအတွက် သုံးနိုင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားစေချင်ပါတယ်။ ဒါကြောင့်မို့ နှီးနှောဖလှယ်ပွဲမှာ ဒီဟာကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။ အားလုံးက ပူးပေါင်းပြီးတော့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆောင်ရွက်ဖို့ ကိုယ်တစ်ယောက်တည်း ရှေ့ကနေဖို့ မဟုတ်ဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ နေရာကနေ ပံ့ပိုးပေးဖို့ ဒါဟာ ပါမောက္ခချုပ်များ တင်မက ဆရာ ဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ ပြည်သူများအားလုံးမှာ တာဝန်ရှိပါတယ် ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟုပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်များ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီအနေဖြင့် တက္ကသိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ယင်းနောက် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ Myanmar British Councilမှ Country Director Dr. Richard Sunderland က National Insitiute for Higher Education Development (NIHED) project စာတမ်းကိုလည်းကောင်း၊ Central European University မှ Senior Program Manager Mr.Oleksandr Shtokvych က Towards University Autonomy in Myanmar: Policies, Planning and Implementation စာတမ်းကိုလည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာထင်ဇော်စိုးက မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (၂၀၁၉)ပြီးစီးမှုနှင့် အားသာချက် အားနည်းချက်များ စာတမ်းကိုလည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ဘဏ္ဍာရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှု စာတမ်းကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် e-Payment စနစ် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး စာတမ်းကိုလည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က ICT လုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှု စာတမ်းကို လည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က ပညာရေးကောလိပ်များရှိ (၂)နှစ်သင်တန်း အစီအစဉ်များကို (၄)နှစ်သင်ပညာရေး အထူးပြု ဘွဲ့အစီအစဉ်များသို့ အဆင့်မြှင့်တင်ခြင်း စာတမ်းကိုလည်းကောင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က Good Practice Guidelines of University Governance and Management စာတမ်းကိုလည်းကောင်း၊ မန္တလေးအဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်စိုးက အဝေးသင် အနီးကပ်သင်တန်းများ ပြုပြင်ပြောင်းလဲရေး စာတမ်းကိုလည်းကောင်း၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဓာတုဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးမင်းက အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ ဆရာမများ၏ လူမှုဘဝအခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ စာတမ်းကိုလည်းကောင်း ဖတ်ကြားကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြသည်။ ယခု နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး စာတမ်းရှင်(၈)ဦးမှ စာတမ်း(၈)စောင်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖတ်ကြားဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန (၈)ခုအောက်၌ တက္ကသိုလ်ပေါင်း (၁၇၄)ခု ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ် (၁၆၄)ခုမှာ ပါမောက္ခချုပ်များ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




No comments:

Post a Comment