Saturday, October 12, 2019

“English Language Course for Ministry Staff (Upper Intermediate Level)” သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ အောက်တိုဘာ ၇

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်းဝန်ထမ်းများအတွက် အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း(Upper Intermediate Levelအဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီတွင် နေပြည်တော်၊ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ English Language Fellowship Program၌ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသော အမေရိကန်သံရုံးမှ သင်တန်းနည်းပြဆရာမ Mrs Loren Lee Chiesi၊ အင်္ဂလိပ် ဘာသာကျွမ်းကျင်မှုသင်တန်းကျောင်း(နေပြည်တော်)မှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရွေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များနှင့် နိုင်ငံ့ဝန်ထမ်း အရာထမ်းများ၊ အမှုထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာဝန်ကြီးဌာန၏ မျှော်မှန်းချက်ရလဒ်များ အောင်မြင်နိုင်ရန် အရည်အသွေးပြည့်ဝစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တစ်သက်တာ သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် အရည်အသွေးမြင့်မားရေးတို့ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းသွားရန် လိုအပ်ပါကြောင်း၊ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်မှုအရည်အသွေး မြှင့်တင်ရေးအတွက် အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်မှုသင်တန်းများ၊ ICT ကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်း၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းစသည်တို့ကို ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် နေပြည်တော်တွင် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများ စုပေါင်းသင်ယူခြင်း အခွင့်အလမ်းကို ပူးပေါင်းပံ့ပိုးပေးခြင်းဖြင့် ဦးစီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလည်း ပိုမိုလွယ်ကူ လျင်မြန်လာစေမည်ဖြစ်ပါကြောင်း၊ သီတင်း(၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့်
အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း(Upper Intermediate Levelအဆင့်)သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်တန်းနည်းပြဆရာမMrs Loren Lee Chiesi အားကျေးဇူးတင်ရှိပါကြောင်းနှင့် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)၏ စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးပြီး ရေရှည်တည်တံ့စေရန် ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် ပညာရေးဝန်ကြီးဌာန၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ပညာရေးဝန်ကြီးဌာန၏ ဦးစီးဌာနအသီးသီးမှနေ့စဉ်ဆောင်ရွက်လျက်ရှိသည့် ရုံးလုပ်ငန်းတာဝန်များ၌ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုစွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့်လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)တို့ပူးပေါင်း၍Capacity Development Fund(CDF)ဖြင့်Upper-intermediate Level with project-based assessment သင်တန်းအား အရာရှိ (၁၆)ဦးအတွက် ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတက်ရောက်မည့် အရာထမ်းဝန်ထမ်းများအနေဖြင့် မိမိတို့အတွက် အကျိုးရှိထိရောက်စေမည့် အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အသွေးများကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်းများ စဉ်ဆက်မပြတ်အောင်မြင်စွာ ဆက်လက်ဖွင့်လှစ်သွားနိုင်ရေးအတွက်လည်း အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ထို့နောက် အမေရိကန်သံရုံးမှ သင်တန်းနည်းပြဆရာမ Mrs Loren Lee Chiesiက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးအမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
သင်တန်းအား ၇၊ ၁၀၊ ၂၀၁၉ ရက်နေ့မှ ၁၀၊ ၁၂၊ ၂၀၁၉ ရက်နေ့အထိ( သီတင်း ၈ ပတ်ကြာ) ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။






No comments:

Post a Comment