ရန်ကုန် ၂၀၁၉ စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ Deutscher Akademischer
Austauschdienst (DAAD)၊ Dialogue on Innovative Higher
Strategies(DIES)နှင့် HRK German Rector’s Conference တို့
ပူးပေါင်းကျင်းပသည့် University Autonomy Workshop အခမ်းအနားကို
ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ Chatrium Hotel ၌ကျင်းသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် University Autonomy Workshop ကို
ပညာရေးဝန်ကြီးဌာန၊ Deutscher Akademischer Austauschdienst (DAAD)၊
Dialogue on Innovative Higher Strategies(DIES)နှင့် German Rector’s
Conference(HRK) တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ လက်ရှိအဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့်
ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်း တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံတွင်
တက္ကသိုလ်(၁၇၆)ခု ရှိသည့်အနက် ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊
ဒီဂရီကောလိပ်(၁၃၄) ခုရှိပြီး ကျောင်းသား ကျောင်းသူ (၉၈၀၀၀၀)ကျော်
တက်ရောက်လျက် ရှိပါကြောင်း၊ ရှေးဦးကလေးသူငယ်ပညာရေးမှစ၍ တက္ကသိုလ်၊
ဘဝတစ်သက်တာသင်ယူရေး အခွင့်အလမ်းတို့ကို ရရှိအောင် အရည်အသွေးရှိသော
ပညာရေးဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်
အဆင့်မြင့်ပညာကဏ္ဍတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို
တွန်းအားပေးဆောင်ရွက်လျက်ရှိရာ သင်ကြားသင်ယူရေး နည်းလမ်းများ၊
အကဲဖြတ်စစ်ဆေးမှုစနစ်၊ အရည်အသွေးအာမခံမှု ကောင်းမွန်ရေး
အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မြင့်
ပညာကျောင်းများနှင့် နားလည်မှုစာချွန်လွှာများ
ရေးထိုးဆောင်ရွက်မှုများကိုလည်း ပိုမိုအားပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
အထူးသဖြင့် ပူးတွဲသုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး Erasmus +
Program အစီအစဉ်များ၊ ကျောင်းသားများ အပြန်အလှန်လဲလှယ်ခြင်း၊
ဧည့်ပညာရှင်များ ဖိတ်ခေါ်ခြင်း၊ လေ့လာရေးဆွေးနွေးပွဲ
ခရီးစဉ်စေလွှတ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၆
ခုနှစ်နောက်ပိုင်း ပညာရေးကဏ္ဍ ဘတ်ဂျက်များကို သိသိသာသာ
တိုးမြှင့်သုံးစွဲလာနိုင်သည့်အတွက် ပညာသင်ထောက်ပံ့ကြေး၊
လက်တွေ့ခန်းသုံးပစ္စည်းများကိုလည်း ပိုမိုပံ့ပိုးပေးလာသည်ကို
တွေ့ရမည်ဖြစ်ပါကြောင်း၊ စုပေါင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုကို
အားပေးသည့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် စီမံခန့်ခွဲမှုများကို
ပိုမိုဆောင်ရွက်ရန် အားပေးနေပါကြောင်း၊ အရည်အသွေးရှိသော အဆင့်မြင့်ပညာရေး
ဖြစ်လာရန်အတွက်လည်း အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သင်ရိုးညွှန်းတမ်း၊
သင်ယူမှုဝန်းကျင်ကောင်းများ၊ စဉ်းစားတွေးခေါ်မှု သင်ကြားနည်းစနစ်များ၊
ဒေသ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ဘွဲ့သင်တန်းများကို
ဆောင်ရွက်ရန်လည်း အားပေးနေပါကြောင်း၊ တက္ကသိုလ်အချို့တွင်
တက္ကသိုလ်ဝင်ခွင့်များကို ကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်နေပြီး
ဝန်ထမ်းရာထူးတိုး အပြောင်းအရွှေ့များကိုလည်း စွမ်းဆောင်ရည်ပေါ်တွင်မူတည်၍
ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေး၊ အာဟာရပြည့်ဝရေး၊
ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
ရေပညာရပ်ဆိုင်ရာ လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ရန်
အားပေးနေပါကြောင်း ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ
ဂျာမနီသံအမတ်ကြီး Mr.Thomas Neisinger နှင့် DAAD Hanoi မှ Mr.Stefan
Hase-Bergen တို့က အမှာစကားပြောကြားသည်။ ထို့နောက် German Rector’s
Conference(HRK) မှ Ms.Jarijke Wahlers၊ Vietnam National University မှ
Dr.Nguyen Thi Huyen နှင့် မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ်
ဒေါက်တာသီတာဝင်းတို့က University Autonomy နှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မေးမြန်းသည်များကို
ပြန်လည်ဖြေကြားကြသည်။ University Autonomy Workshop ကို စက်တင်ဘာလ ၃၀ ရက်မှ
အောက်တိုဘာလ ၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment