နေပြည်တော် ၂၀၁၉ အောက်တိုဘာ ၁၇
၂၀၁၉
ခုနှစ် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး
နှီးနှောဖလှယ်ပွဲ အခမ်းအနား ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌
ဆက်လက်ကျင်းပလျက်ရှိရာ ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး
ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး ပြောကြားသည်။ အခမ်းအနားတွင်
ပြည်ထောင်စု၀န်ကြီးက နှီးနှောဖလှယ်ပွဲတွင် ပူးပေါင်းပါ၀င်
ဆောင်ရွက်ကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊
ပညာရေး၀န်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊
မည်သူတစ်ဦးတစ်ယောက်မျှ ချန်မထားရေး၊ အားလုံးသင်ယူမှုအခွင့်အလမ်း
ရရှိရေးတို့ကို မူဝါဒအဖြစ် ထားရှိဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ ၂၁
ရာစုခေတ်ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကျောင်းသား
ကျောင်းသူများအား High Level Skills ရရှိအောင် သင်ကြားသင်ယူ
လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များဖွံ့ဖြိုး တိုးတက်ရေးအတွက်
အားလုံးအတူတကွ ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမည်
ဖြစ်ပါကြောင်း စသည်ဖြင့်ဆွေးနွေး ပြောကြားသည်။ ယနေ့ကျင်းပခဲ့သည့်
ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင်
နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က
အဆင့်မြင့်ပညာကျောင်းများနှင့် ဆရာသမဂ္ဂများ၏အခန်းကဏ္ဍ
စာတမ်းကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုတက
အဆင့်မြင့်ပညာကျောင်းများ၏ ပညာရေးဆိုင်ရာ လွတ်လပ်စွာစီမံခန့်ခွဲမှုနှင့်
စိန်ခေါ်မှုများ စာတမ်းကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်က ကိုယ်ပိုင်(သို့မဟုတ်)
ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များဆိုင်ရာ
စာတမ်းကိုလည်းကောင်း၊ President, Private Higher Education Institutions
Association မှ ဒေါက်တာကျော်မိုးထွန်းက The Role of Higher Education in
Myanmar: Opportunities, Challenge and Hopes စာတမ်းကိုလည်းကောင်း၊
နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက University
Industry Linkages စာတမ်းကိုလည်းကောင်း၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ်
ဒေါက်တာသူရဦးက တက္ကသိုလ်များရှိ နိုင်ငံတကာဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေး ဌာနများ၏ တာ၀န်များ စာတမ်းကိုလည်းကောင်း၊
ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးက
ဒေသနှင့်လိုက်လျောညီထွေရှိသော ဘွဲ့သင်တန်း၊ ဒီပလိုမာသင်တန်းများ၊
သင်ကြားသင်ယူမှု နည်းလမ်းများ၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်
ဆောင်ရွက်ရေး စာတမ်းကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊
ကောလိပ်များ၏ အချက်အလက်များအပေါ် သုံးသပ်တင်ပြခြင်း စာတမ်းကိုလည်းကောင်း
ဖတ်ကြားကြပြီး စာတမ်းအလိုက် ဆွေးနွေးညှိနှိုင်းရရှိချက်များကို
အကြံပြုဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲ အတည်ပြုကြကြောင်း သိရှိရသည်။
No comments:
Post a Comment