Tuesday, October 8, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သင်ခန်းစာဆွေးနွေးပို့ချ

ရန်ကုန် ‌၂၀၁၉ အောက်တိုဘာ ၆








ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်(၉)နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြဆရာ ဆရာမများသင်ကြားရေး အထောက်အကူပြုသင်တန်းသို့ "Survey of Improvements and Challenges in Basic Education" ခေါင်းစဉ်ဖြင့် သင်ခန်းစာ ဆွေးနွေးပို့ချသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပို့ချရာတွင် ကမ္ဘာပေါ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို အပြိုင်အဆိုင်ပြုစု ပျိုးထောင်လျက်ရှိပြီး ပညာရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးတွင် အဓိကအရေးအကြီးဆုံးသည် အခြေခံမူလတန်းပညာရေး ဖြစ်ပါကြောင်း၊ မွေးဖွားလာသည့်အချိန်မှစ၍ ဘဝတစ်လျှောက်လုံး သင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် ပညာရေးမှသာလျှင် ပေးစွမ်းနိုင်မည်ဖြစ်သည့်အတွက် လူတိုင်းအခြေခံပညာ သင်ယူပြီးမြောက်ရန် လိုအပ်ပါကြောင်း၊ လူတိုင်းဘဝရပ်တည်မှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများရှိရန် လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် တစ်ဦးတစ်ယောက်တည်း ရပ်တည်ရန် မဖြစ်နိုင်သည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်တတ်သည့် အသင်းအဖွဲ့စိတ်ဓာတ်များကို မွေးမြူရန်လိုအပ်ပြီး ငြိမ်းချမ်းမှုကိုဦးတည်သည့် လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ရမည် ဖြစ်ပါကြောင်း၊ ဘဝတစ်သက်တာ သင်ယူမှုသည်လည်း အရေးကြီးပါသဖြင့် များများသင်ယူနိုင်ရန် အခြေခံ စာဖတ်၊ စာရေး၊ တွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အထူးပြုနယ်ပယ် ဘာသာရပ်များကိုလည်း နက်နက်နဲနဲ သင်ယူနိုင်ရေးအတွက် များများစာဖတ်နိုင်အောင် လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ မတူကွဲပြားမှုများကိုလည်း အပြန်အလှန်လေးစားမှု ရှိလာစေရန် သင်ကြားသင်ယူ ပေးကြရမည် ဖြစ်ပါကြောင်း၊ အနာဂတ်ကမ္ဘာတွင် ဆရာ ဆရာမများ ကြုံတွေ့လာရမည့် သင်ယူမှုသင်ကြားမှု နည်းစနစ်မတူ ကွဲပြားခြင်း၏စိန်ခေါ်မှုများ အတွက်လည်း ပြင်ဆင်ပေးထားရန် လိုအပ်လျက်ရှိရာ ၂၁ရာစုတွင် Automation Technology, AI, IOT, Big Data စသည့် နည်းပညာများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည့်အတွက် ဆရာ ဆရာမများအနေဖြင့် ခေတ်နှင့်လိုက်လျောညီထွေသည့် အတွေးအမြင်သစ်များ၊ တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းရှိသည့် သင်ကြားသင်ယူမှုနည်းစနစ်များကို ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရပ်များကို နက်နက်နဲနဲသင်ယူလေ့လာပြီး လူသားအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းသည် ဆန်းသစ်တီထွင်နိုင်ခြင်းပင် ဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်းတာဝန်များကို အကောင်းဆုံးဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊  ထို့ကြောင့် ပညာရေးပြုပြင် ပြောင်းလဲမှုများကို ၂၁ ရာစုနှင့် လိုက်လျောညီထွေဖြစ်သော သူငယ်တန်း + တစ်ဆယ့်နှစ်တန်း ပညာရေးစနစ်သို့ ဦးတည်ပြောင်းလဲခြင်း၊ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲခြင်း၊ ကျောင်းသုံးဖတ်စာအုပ်အသစ်များ ပြုစုအသုံးပြုခြင်း၊ သင်ယူသူဗဟိုပြု သင်ကြားသင်ယူမှုနည်းလမ်းအတွက် ဆရာ ဆရာမများအား သင်တန်းပို့ချခြင်း၊ သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ ပရော့ဂျက်အခြေပြုသင်ကြား သင်ယူလေ့ကျင့်ခြင်း၊ ကျောင်းသား ကျောင်းသူများ ပိုမိုသင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန် လာသည့်အတွက် ကျောင်းအုပ်ကြီးများက စံသတ်မှတ်ချက် အညွှန်းဘောင်စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျောင်းနှင့်စာသင်ခန်းတွင် ပိုမိုပျော်ရွှင်သည့် သင်ယူမှုဝန်းကျင်ကောင်း ဖြစ်လာစေရေးအတွက် မိဘ၊ အုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးက ညီညီညွတ်ညွတ်ဖြင့် အခက်အခဲများကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်သား သင်တန်းသူ သိရှိလိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးမှ အထက်တန်းပြ ဆရာ ဆရာမသင်တန်းသား သင်တန်းသူများ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ(၁)ရက်မှ အောက်တိုဘာ(၁၀) ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment