Thursday, October 10, 2019

အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ၂၀၁၉ အောက်တိုဘာ၈
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ (၃)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပန်းတိုင် ပေါက်ရောက်အောင်မြင်ရေးအတွက် ချမှတ်ထားသော ပြုပြင်ပြောင်းလဲခြင်း (၉)ရပ်အနက် တစ်ရပ်ဖြစ်သော အဆင့်မြင့်ပညာရေး အရည်အသွေးမြင့်မားရေး နည်းဗျူဟာကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ဤသင်တန်းသည် သင်တန်းသားအားလုံးအား အဆင့်မြင့်ပညာရပ်များကို လေ့လာနိုင်သည့် အင်္ဂလိပ်စာအပါအဝင် နိုင်ငံခြားဘာသာစကား သင်ယူလေ့လာမှု၏ အရေးပါပုံကို သိရှိနားလည်သော၊ တက်ကြွသော၊ တီထွင်ဆန်းသစ်မှု အားကောင်းသော၊ အချိန်ကိုနှစ်မြှုပ်ကာ အင်္ဂလိပ်စာကို လေ့လာလိုက်စားတတ်သော ဘာသာစကားလေ့လာသူများ ဖြစ်လာအောင် ၊ ဘဝတစ်သက်တာ သင်ယူလေ့လာသူများ ဖြစ်လာအောင် ပြောင်းလဲစေနိုင်ခဲ့ပြီဟု ယုံကြည်မိပါကြောင်း၊ ဤအရည်အသွေးမြှင့်တင်ရေးအစီအစဉ်သည် သက်ဆိုင်ရာဝန်ကြီးဌာန လူသားအရင်းအမြစ်များ၏ အရည်အသွေးကို အားကောင်းလာစေမည် ဖြစ်ပါကြောင်း၊ ဤသင်တန်းမှရရှိသော ပညာဗဟုသုတနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အသွေးကို မိမိတို့၏ ဝန်ကြီးဌာန၊ အလုပ်ဌာနများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပိုမိုတာဝန်ထမ်းဆောင် သွားကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူကြသည်။ ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။ နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌ ဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းအား ၂၀၁၉ ခုနှစ်၊ မေလ(၄)ရက်နေ့မှ သြဂုတ်လ(၁၁)ရက်နေ့အထိ (၃)လကြာ သင်ကြားခဲ့ရာ နေပြည်တော်ရှိ နေပြည်တော်ကောင်စီနှင့် ပြည်ထောင်စုဝန်ကြီးဌာ(၁၉)ခု၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း(၈)ဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၂၀၈)ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။







No comments:

Post a Comment