Thursday, October 3, 2019

ပြင်သစ်ဘာသာစကား စမ်းသပ်သင်ကြားခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၁၉ အောက်တိုဘာ ၁
ပြင်သစ်ဘာသာစကား စမ်းသပ်သင်ကြားခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက တယောဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၉ခုနှစ် ဇွန်လတွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ အထက(၂)ဗဟန်း၊ အထက(၂)ဒဂုံ၊ အထက(၁၆)မန္တလေးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းများတွင် ပြင်သစ်ဘာသာစကားကို သင်ယူလိုသော ကျောင်းသား ကျောင်းသူများအတွက် Pilot Project သင်ကြားနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၁ ရာစုတွင် နည်းပညာဖွံ့ဖြိုးတိုးတက်သည့် ခေတ်ဖြစ်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှုသည် ပြင်းထန်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိရန် လူငယ်များအတွက် ခက်ခဲပါကြောင်း၊ ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် အလုပ်အကိုင်ကောင်းများရရှိရန် Hard Skills နှင့် Soft Skills သင်ယူတတ်မြောက်ရန်လိုအပ်ပြီး ကိုယ်စိတ်ပါဝင်စားသည့် ဘာသာရပ်များကို နက်နက်နဲနဲ လေ့လာသင်ယူရန် အရေးကြီးပါကြောင်း၊ ထို့ပြင် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေး၊ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ စဉ်းစားတွေးခေါ်နိုင်စွမ်း အားကောင်းစေရန်နှင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်ရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် အလုပ်အကိုင်ကောင်းများရရှိရန် မိမိတို့၏အရည်အသွေးများ အကောင်းဆုံးဖြစ်ရန် လိုအပ်
ပါကြောင်း၊ မိမိတို့၏လုပ်ငန်းခွင်များတွင်လည်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ပူးပေါင်း၍ ပရော်ဖက်ရှင်နယ်ဖြစ်လာစေရန် ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိရန် အရေးကြီးပါသဖြင့် ပံ့ပိုးပေးလိုပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းတွင် ပြင်သစ်ဘာသာစကား သင်ယူနိုင်သည့် အခွင့်အလမ်းရရှိရန် ကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr.Christian Lechervy နှင့် နိုင်ငံခြားဘာသာတက္ကသိုလ် ပြင်သစ်ဘာသာဌာနမှူး ဒေါ်မီမီပြုံးက အမှာစကားပြောကြားသည်။ ယင်းနောက် ပြင်သစ်စာပေနှင့် ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတစ်ဦးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများမှ မေးမြန်းသည်များကို ပြန်လည်ဖြေကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာနနှင့် နေအုပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြဆရာ ဆရာမများ သင်ကြားရေးအထောက်အကူပြု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေအုပ်က အမှာစကားပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြဆရာ ဆရာမများ သင်ကြားရေး အထောက်အကူပြုသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment