Friday, December 27, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၂၄
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကိုယနေ့ ညနေ(၃)နာရီတွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားကွင်း (B)ရုံတွင် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးကအားကစားအဖွဲ့ခေါင်းဆောင်၊ အတွွင်းရေးမှူးများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများနှင့်အားကစားမောင်မယ် ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကကျောင်းသားကျောင်းသူလူငယ်များ၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သန်စွမ်းစေဖို့ အခြေခံပညာကျောင်းအဆင့်၊မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊တိုင်းဒေသကြီး၊ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်အထိကျောင်းသားအားကစားပြိုင်ပွဲများကိုအဆင့်ဆင့်ကျင်းပနေပြီဖြစ်ပါကြောင်း၊ ယခုကျင်းပသည့်အားကစားပြိုင်ပွဲမှ နိုင်ငံတော်ကအားထားရသည့် လက်ရွေးစင်အားကစားမောင်မယ်များပေါ်ထွက်လာရေးမျှော်မှန်းပါကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်များကို၁၉၉၀ ပြည့်နှစ် ပထမအကြိမ်မှသည် ၁၉၉၈ ခုနှစ် အဋ္ဌမအကြိမ်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တွင် နေပြည်တော်တွင်လည်းကောင်းကျင်းပပြုလုပ်ပေးခဲ့ပြီးယင်းနောက်ပိုင်းကျင်းပပေးနိုင်ခဲ့ခြင်းမရှိဘဲယခုနှစ်မှစ၍ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်နှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲထည့်သွင်းပြီးပြန်လည်ကျင်းပခြင်းဖြစ်ပါကြောင်း၊
၂၀၂၀ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်အား မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့်အခါ အောင်မြင်မှုရရှိစေရေးအတွက်လည်း ရည်ရွယ်ကာကျင်းပခြင်း ဖြစ်ပါကြောင်း။ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် အားကစားအပေါ်ချစ်မြတ်နိုးတတ်သည့် အလေ့အကျင့်များရရှိပြီး အားကစားသမားအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှုကို ရရှိမည်ဖြစ်ပါကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် မိမိတို့တိုင်းဒေသကြီး ပြည်နယ်ဂုဏ်ကိုသာမက နိုင်ငံတော်၏ဂုဏ်သိက္ခာကိုပါဖာ်ဆောင်နိုင်သည့် လက်ရွေးစင် အားကစားသမားများ ဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက အမှာစကားပြောကြား၍ ကျောင်းသားအားကစားပွဲတော်အားဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျောင်းသား အားကစားပွဲတော် အထိမ်းအမှတ်အလံအားလွှင့်တင်ကာအားကစားအဖွဲ့များကအားကစားသစ္စာအဓိဌာန်ရွတ်ဆိုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဧည့်သည်တော်များကတိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အားကစားသမားများအားလိုက်လံနှုတ်ဆက်သည်။
ယင်းနောက် အားကစားအဖွဲ့များကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီးကျောင်းသားကျောင်းသူများက Physical Fitness Dance အစီအစဉ်နှင့်စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄) တို့ဖြင့် သရုပ်ပြ တင်ဆက်ကြသည်။
ယနေ့စတင်ဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ အထိနေပြည်တော်ရှိ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများကိုဗဟိုပြု၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ကိုအားကစားနည်း (၄)မျိုး၊ (ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ(၁၆၉၅)ဦး၊ စုစုပေါင်းအင်အား (၁၉၃၅)ဦးတို့ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။









No comments:

Post a Comment