Friday, December 27, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ရန်ကုန် ၂၀၁၉ ဒီဇင်ဘာ ၂၆
မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ယာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မင်းဓမ္မပညာ့ရိပ်သာဝင်းအတွင်း ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဦးဟန်ဇော်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေ သကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ Sae Paing Development Limited ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာဝန်ထမ်း အိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်စီမံကိန်းဆိုင်ရာ အချက်အလက်များကို Video Presentation ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာ စကားပြောကြားရာတွင် “ဒီကနေ့ကျင်းပတဲ့ မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာရိပ်သာဝန်ထမ်းအိမ်ရာနဲ့ သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တော်အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။
ကျွန်မတို့ ဒီကိုလာရတာ အင်မတန်မှအားရပါတယ်။ အခုနပြသွားတဲ့ ပုံတွေအရ ဆိုရင် အင်မတန်မှကောင်းတဲ့ ဝန်ထမ်းအိမ်ရာတစ်ခုဖြစ်ပါတယ်။ ဒီလိုဝန်ထမ်းအိမ်ရာ တစ်ခုနဲ့ ထိုက်တန်တဲ့ဝန်ထမ်းတွေ ပေါက်ဖွားလာမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်မတို့အစိုးရရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံရဲ့ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ရာ မှာ လူသားစွမ်းရည်သာမက၊ စိတ်ပိုင်းဆိုင်ရာသာမက၊ ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အအုံတွေလည်း လိုအပ်ပါတယ်။ ဒါတွေကိုလည်း အဆင့်မြှင့်ပေးဖို့လည်း လိုအပ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကျွန်မတို့ပြည်သူတွေအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို တွေ့ကြုံရင်ဆိုင်နေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြားကပဲ အခွင့်အလမ်းတိုးတက်မှုတွေကို ရယူနိုင်ဖို့ ကျွန်မတို့အားလုံး ကြိုးစားအားထုတ်ကြဖို့လည်း လိုပါတယ်။
အဲဒီမှာဆိုရင် ကျွန်မတို့ရဲ့ ဝန်ထမ်းများ အထူးသဖြင့် ဆရာ၊ဆရာမများဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့ လူငယ်များရဲ့စိတ်ဓာတ်မြင့်မားလာအောင်၊ ခိုင်မာလာအောင် လုပ်ပေးနိုင်တာကတော့ မိဘဆရာပါ။ ကျွန်မတို့ငယ်ငယ်ကဆို မိဘဆရာမဟုတ်ဘဲ ဆရာမိဘလို့တောင်ပြောပါတယ်။ သွန်သင်ဆုံးမတဲ့နေရာမှာ ဆရာတွေကရှေ့တန်းကပဲဆိုပြီး သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။
ဒီကနေ့ခေတ် ကမ္ဘာကြီးမှာ ခေတ်မီနည်းပညာတွေ အချိန်နဲ့အမျှ တိုးတက် ပြောင်းလဲနေတာဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လည်း ခေတ်မီနည်းပညာ တွေ၊ ခေတ်မီတွေးခေါ် ဆန်းသစ်မှုတွေကို တီထွင်ဖန်တီးကြံဆ အားထုတ်ကြရာမှာ တစ်ဘက်ကလည်း သင့်တင့်မျှတတဲ့ ဖြည့်ဆည်းမှုတွေ အထိုက်အလျောက်ရရှိနိုင်ဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့ ဓနအင်အားနဲ့ ဘဏ္ဍာငွေရရှိနိုင်မှု အခြေအနေပေါ်မူတည်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေရတဲ့အချိန်မှာ ဒီကနေ့ဖွင့်တဲ့ ဆရာများ အိမ်ရာ၊ ဝန်ထမ်းအိမ်ရာနဲ့ သိပ္ပံပစ္စည်းစက်ရုံတွေအနေနဲ့ တစ်ဘက်တစ်လမ်းကနေပြီး ကောင်းမွန်တဲ့ အထောက်အကူကောင်းတွေဖြစ်လာဖို့ ကျွန်မတို့အနေနဲ့ အထူး မျှော်လင့်ပါတယ်။ ကျွန်မတို့အနေနဲ့အထူးပဲဝမ်းသာရပါတယ်။ ဒီလိုမြင်လိုက်ရတော့လဲ ပိုပြီးအားရပါတယ်။
ခေတ်မီပြီး အဆင့်အတန်းမြင့်မားတဲ့ အခြေခံအဆောက်အအုံတွေဟာ လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရည်တွေကို ပိုမိုပြီး မြှင့်တင်ပေးစေပါတယ်။ နိုင်ငံတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေကို လေ့လာကြည့်ရင် လူ့စွမ်းအားအရင်းအမြစ် တွေကို အခြေခံတဲ့ ဉာဏထုတ်ကုန်တွေသာလျှင် ရေရှည်တည်တံ့တဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းသွားနိုင်မှာကို တွေ့မြင်ရပါလိမ့်မယ်။
ကျွန်မတို့ ပြည်သူပြည်သားများရဲ့ အရည်အချင်းတွေကို မြင့်တင်ပေးဖို့ ကျန်တဲ့ပံ့ပိုးမှုတွေကို လုပ်နေတာပါ။ ကျန်တဲ့နည်းတွေနဲ့ ဘယ်လိုပဲ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးပေး ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ အရည်အချင်းတွေမတက်လာဘူးဆိုရင် ဒီပံ့ပိုးမှုတွေဟာ ခဏပါပဲ။ရေရှည် ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမှာမဟုတ်ပါဘူး။
ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထူထောင်နိုင်ဖို့ဆိုရင် ကျွန်မတို့ရဲ့ပညာရေးကဏ္ဍဟာ အဓိကအခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အစိုးရအဖွဲ့အနေနဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် သင်ရိုး ညွှန်းတမ်းတွေ၊ သင်ကြားရေးစနစ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ ခေတ်မီစေဖို့၊ ကျောင်းပရိဝုဏ်သာယာလှပရေး၊ ဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လူမှုဘဝမြင့်မားလာစေဖို့ အထူးအလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်တဲ့ ဆရာကောင်း၊ ဆရာမွန်တွေ ထွက်ပေါ်လာရေးဟာ ပညာရေးစနစ်နည်းတူ အရေးကြီးလှပါတယ်။ ပညာရေး နယ်ပယ်တိုးတက်မြင့်မားရေးကို အာရုံစိုက်ပြီးဆောင်ရွက်နိုင်ဖို့အတွက် ဆရာ၊ ဆရာမ တွေအတွက် နေချင့်စဖွယ် ပတ်ဝန်းကျင်၊ အိမ်ရာ၊ လူနေမှုဘဝအခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ ကျွန်မတို့အမြဲပဲအလေးအနက်ထား၊ နည်းလမ်းတွေ ရှာနေပါ တယ်။
ဆရာ၊ ဆရာမတွေအနေနဲ့လည်း ဆရာ၊ဆရာမဆိုတဲ့ဝေါဟာရကို လေးလေး နက်နက် စဉ်းစားစေချင်ပါတယ်။ကျွန်မတို့က ငယ်ငယ်ကတည်းက ဆရာ၊ဆရာမလို့ ခေါ်လိုက်တဲ့အခါကျရင် လေးစားယုံကြည်မှုအပြည့်အဝ၊ မေတ္တာအပြည့်အဝနဲ့ ဒီဝေါဟာရတွေကိုသုံးတာပါ။ ဒီလိုလူငယ်များ၊ ကလေးများက လူကြီးဖြစ်လာတဲ့အတိုင်း ငယ်ငယ်တုန်းက ငယ်ဆရာတွေကို ဆရာ၊ဆရာမအနေနဲ့ လေးလေးစားစား ချစ်ချစ် ခင်ခင်ရှိကြတဲ့အတိုင်းပဲ ဆရာ၊ ဆရာမတွေကလည်း ဒီလိုလေးစားချစ်ခင်မှုနဲ့ သင့်တော် အောင်နေဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့ဆရာ၊ ဆရာမတွေဟာ ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ဘဲနဲ့ မျိုးဆက်တွေများစွာအတွက် အလုပ်လုပ် နေကြတဲ့ ပုဂ္ဂိုလ်များဖြစ်လို့ အစိုးရကဘယ်လိုပဲပံ့ပိုးပံ့ပိုး နောက်ဆုံးကျတော့ ဆရာ၊ ဆရာမတွေရဲ့ အတွင်းစိတ်က အင်အားသာလျင် ကျွန်မတို့နိုင်ငံကို တစ်ကယ်အကျိုးပြု နိုင်မှာပါလို့ ကျွန်မသတိပေးချင်ပါတယ်။
ဒီကနေ့ဖွင့်လှစ်တဲ့ မင်းဓမ္မပညာ့ရိပ်သာမှာ ဆရာ ဆရာမတွေအတွက် စတုရန်း ပေ ၁၂၀၀ ရှိတဲ့ အိမ်ခန်း ၇၉၈ ခန်း၊ စတုရန်းပေ ၈၀၀ ရှိတဲ့ အိမ်ခန်း ၁၁၂ ခန်း စုစုပေါင်း အိမ်ခန်း ၉၁၀ ခန်းပါတဲ့ ၁၂ ထပ်တိုက် ကိုးလုံး၊ ရှစ်ထပ်တိုက် နှစ်လုံး၊ ကားပါကင် အဆောက်အဦတွေ၊ ရေကူးကန်နဲ့ အားကစားခန်းမတွေ၊ Community Center တွေ ပါဝင်တဲ့အပြင် စျေးအဆောက်အဦ နှစ်လုံးပါဝင်နေတာကိုလည်းတွေ့ရှိ ရပါတယ်။ အဆောက်အဦတွေဟာလည်း အဆင့်မြင့်တဲ့ ခေတ်မီအဆောက်အဦတွေ ဖြစ်ကြပါတယ်။
လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာမှာတော့ ဆရာ ဆရာမတွေ နေထိုင်ဖို့အတွက် ဧရိယာအကျယ်အဝန်း စတုရန်းပေ ၁၈၀၀ ၊ စတုရန်းပေ ၉၀၀ ၊ စတုရန်းပေ ၆၀၀ အသီးသီးရှိတဲ့ အိမ်ခန်းပေါင်း ၅၂၀ ပါဝင်တဲ့ ရှစ်ထပ်တိုက် ခုနစ်လုံးအနက်မှ လက်စသတ်ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်တဲ့ ရှစ်ထပ်တိုက် သုံးလုံးမှ အိမ်ခန်းပေါင်း ၁၈၄ ခန်း၊ လေးထပ် Community Center တစ်လုံးနဲ့ မြေအောက်ထပ်ပါ ပါရှိတဲ့ သုံးထပ် သိပ္ပံပစ္စည်းစက်ရုံတို့ကို ဖွင့်လှစ်တာ လည်းဖြစ်ပါတယ်။
ပါရမီပညာ့ရိပ်သာ(၁) မှာတော့ စတုရန်းပေ ၃၆၀၀ ရှိတဲ့ အိမ်ခန်း ၁၀ ခန်းပါဝင် တဲ့ နှစ်ခန်းတွဲ ငါးထပ်တိုက် တစ်လုံးနဲ့ သင်တန်းကျောင်းများအဖြစ် အသုံးပြုဖို့ နှစ်ထပ်ခွဲ အဆောက်အဦ နှစ်လုံးဟာလည်း ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။
ဒီကနေ့မှာ ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအတွက် နိုင်ငံတကာ အဆင့်မီအိမ်ခန်းပေါင်း ၁၁၀၄ ခန်းနဲ့ အများသုံးအထောက်အကူပြု အဆောက်အဦတွေ ပါဝင်တဲ့ အိမ်ရာဝင်းများကို တည်ဆောက်ပြီးစီးလို့ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်မတို့အတွက် အများကြီးလိုအပ်မှုတွေလည်း ရှိနေပါသေးတယ်။ ကြည့်လိုက်ရင် တော့ သိပ်များသလိုပဲ။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုမှာ နောက်ကျနေခဲ့တဲ့ နိုင်ငံဆိုတော့ ဆက်ပြီးတော့လုပ်စရာတွေ အများကြီးရှိပါတယ်။ စစ်ပြီးခေတ်တုန်းက ဖေဖေတို့ ပြောခဲ့တဲ့စကားက အခုထိမှန်နေတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဝမ်းနည်းစရာ ကောင်းပါတယ်။ တစ်ခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက ပြေးမှအတော်ရယ်တဲ့။ အခုလည်းဒီအတိုင်းပဲဖြစ်နေတာ။ တစ်ကမ္ဘာလုံးမှာတင်မက ဘူး။ ကျွန်မတို့ရဲ့ဒေသမှာ အရှေ့တောင်အာရှမှာတောင် တစ်ခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ကျွန်မတို့ပြေးမှတော်ရုံကျမှာပါ။
ဆက်လက်ပြီးတော့ ကျန်ရှိနေသေးတဲ့ ရှစ်ထပ်တိုက် လေးလုံး၊ ၁၂ ထပ်တိုက် ၁၁ လုံးမှ အိမ်ခန်းပေါင်း ၁၂၈၆ ခန်းကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် တွေမှာ အပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ Myanmar Imperial Vega ကုမ္ပဏီတို့က အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက် ပေးကြ စေချင်ပါတယ်။
ယနေ့ ဖွင့်လှစ်တဲ့ ဆရာ ဆရာမတွေအိမ်ရာ၊ ပညာရေးဝန်ထမ်းတွေ အိမ်ရာနဲ့ သင်ထောက်ကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံသစ်တို့ဟာ အဆင့်အတန်းမြင့်မားတဲ့ အိမ်ရာ အဆောက်အဦများဖြစ်တာကြောင့် ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ နေရေး၊ ထိုင်ရေး အဆင်ပြေရုံသာမကပဲ လူနေမှုအဆင့်အတန်း မြင့်မြင့်မားမားနဲ့ သိက္ခာ ရှိရှိ နေထိုင်နိုင်ကြတော့မှာဖြစ်ပါတယ်။ နေရေး၊ ထိုင်ရေးနဲ့ပတ်သက်ပြီး တောင့်တစရာ၊ ကြောင့်ကြစရာ၊ စိုးရိမ်ပူပန်စရာတွေ မလိုတော့တဲ့အပြင် အဆင့်မြင့် အိမ်ရာဝင်းစနစ်လည်း ဖြစ်တာကြောင့် လုံခြုံရေးကအစ စိတ်ချလက်ချ၊ စိတ်အေး ချမ်းသာစွာ နေထိုင်နိုင်ကြရမှာ ဖြစ်ပါတယ်။
ခေတ်မီ၊ သန့်ရှင်း၊ ကောင်းမွန်၊လုံခြုံတဲ့ အခုလိုအိမ်ရာမှာ နေထိုင်ကြမယ့် ကျွန်မတို့ ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေအနေနဲ့လည်း မိမိတို့နေထိုင်ရာ၊ မိမိတို့ရဲ့ အဆင့်မြင့်အိမ်ရာအစဉ်အမြဲ သန့်ရှင်းသာယာလှပစေဖို့အတွက် စည်းကမ်းရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ အဆင့်အတန်းမြင့်မြင့် နေထိုင်ထိန်းသိမ်းသွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ကျွန်မတို့နိုင်ငံမှာ ဆရာ၊ဆရာမ ဝန်ထမ်းကောင်းတွေလိုနေပါတယ်။ကျွန်မတို့ ဝန်ထမ်းတွေဆရာ၊ဆရာမတွေရဲ့ နှလုံးသားထဲမှာ စွန့်စားချင်တဲ့စိတ်ဓာတ် ပေးဆပ် ချင်တဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်ဝစေချင်တယ်။ ဒီလိုရန်ကုန်က အိမ်ရာတွေက ကောင်းတယ်။ ရန်ကုန်မှာဆိုရင် ကောင်းကောင်းမွန်မွန် နေနိုင်တယ်။ အေးအေး ဆေးဆေးနေနိုင်တယ်။ လုံလုံခြုံခြံုနေနိုင်တယ်ဆိုလို့ကို အဲဒီလို အေးအေးဆေးဆေး လုံလုံခြံုခြုံ လွယ်လွယ်ကူကူ မနေနိုင်တဲ့နေရာတွေမှာ စွန့်စားပြီးတော့ ငါတို့ရဲ့ ကလေးတွေ ငါတို့ရဲ့ကျောင်းသားလေးတွေကို ဖွံ့ဖြိုးတိုးတက်အောင်လို့ သင်ပေးချင် တယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုလည်း မွေးစေချင်ပါတယ်။ အဲဒီအတွက်စိတ်ပူတယ်။ သိပ်ပြီး အားလုံးကောင်းနေရင် ရန်ကုန်ချည်းပဲ လာချင်တယ် ဖြစ်နေမှာစိုးလို့။ တစ်ကယ်တော့ နယ်ကပြည်သူ ပြည်သားများဟာ ဆရာ၊ဆရာမများကို အင်မတန်မှ လေးစားပါတယ်။ ချစ်ခင်ပါတယ်။ အဲဒီမှာနေပြီး အဲဒီက ပြည်သူတွေ လေးစားချစ်ခင် မှုကို ခံစားပြီးရင် ဒီဟာတွေနဲ့ ဘယ်တိုက်တာမှ ယှဉ်လို့မရဘူးဆိုတာ နားလည်ကြ လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
တစ်ချိန်က ကျွန်မတို့လိုပဲ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ရုန်းကန်ခဲ့ရတဲ့ နိုင်ငံတွေရဲ့ အောင်မြင်မှုဖြစ်စဉ်တွေကို လေ့လာကြည့်ရင် “တဲပေါ်ကနေ တိုက်ပေါ်သို့” အဆင့်မြှင့် တင်ပေးနိုင်ခဲ့တာတွေလည်း ပါဝင်နေတာ တွေ့ရှိရပါတယ်။ ပြည်သူတွေရဲ့ လူနေမှု ဘဝကို မြှင့်တင်ပေးနိုင်ခြင်းအားဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ အရည် အချင်းတွေကို တစ်ဘက် တစ်လမ်းက မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့် လည်းပဲ ကျွန်မတို့ အစိုးရလက်ထက်မှာ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အနေနဲ့ နိုင်ငံအနှံ့အပြားမှာ ဝန်ထမ်းအိမ်ရာတွေ တိုးချဲ့တည်ဆောက်ပေးနေတာဖြစ်ပါတယ်။ အလားတူ လုပ်သက် ပြည့်လို့၊ အသက်ပြည့်လို့ ပင်စင်ယူ၊ အငြိမ်းစားယူသွားရတော့မယ့် ကျွန်မတို့ရဲ့ ဝန်ထမ်းတွေ မပူမပင်၊ မကြောင့်မကြဘဲ နေထိုင်နိုင်စေဖို့ ရည်မှန်းပြီး ပင်စင်စားအိမ်ရာ တွေလည်း တိုးချဲ့တည်ဆောက်ပေးလျက်ရှိပါတယ်။ အားလုံး ပြည့်စုံပြီလားမေးရင် အလုံးစုံ ပြီးပြည့်စုံခြင်းတော့ မရှိသေးပါဘူး။ ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားလုပ်နေ တာဖြစ်ပါတယ်။
ကျန်းမာရေးဘက်ကဆိုရင်လည်း ဒေါက်တာမြင့်ထွေးနဲ့ ခဏခဏ တိုင်ပင်ပါ တယ်။ ကျွန်မတို့နယ်မှာသွားပြီး အလုပ်လုပ်တဲ့ ဆရာဝန်လေးတွေအတွက် လိုအပ်တာ က အိမ်ယာပါပဲ။ ကောင်းကောင်းမွန်မွန် အိမ်ရာလေးတွေနဲ့ နေချင်တယ်။ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးတဲ့အခါကျရင် လုံခြုံတဲ့အိမ်လေးကို ပြန်ချင်တယ်။ အဲဒီအိမ်လေးမှာ အပန်းဖြေချင်တယ်။ ဒီလိုစိတ်ဓာတ်တွေက အင်မတန်မှ သဘာဝကျပါ တယ်။ဒါကြောင့် ဝန်ထမ်းအိမ်ရာတွေဆိုတာ၊ ဝန်ထမ်းဆိုတာ ဆရာ၊ ဆရာမတွေရော၊ ဌာနအသီးသီးကဝန်ထမ်းတွေရော၊ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရော အားလုံး ကောင်းကောင်းမွန်မွန်နဲ့ လုံလုံခြံုခြုံနေနိုင်ဖို့ ကြိုးစားပါတယ်။ ကြိုးစားတဲ့ အလျောက်လည်း တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာပါတယ်။ ဒီကြားထဲမှာတော့ အားလုံးက စိတ်ဓာတ်ကိုရှေ့တန်းတင်ပြီးတော့ အခက်အခဲတွေ ရင်ဆိုင်ကျော်လွှား သွားဖို့ကိုတော့ ကျွန်မအနေနဲ့ အသိပေးချင်ပါတယ်။
တစ်ချိန်တည်းမှာပဲ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ စာသင် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေရဲ့ နေထိုင်ရေးလိုအပ်ချက်တွေကိုလည်း ကျွန်မတို့အစိုးရအနေနဲ့ နည်းလမ်းအမျိုးမျိုးရှာဖွေပြီး တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးအနေအထားအရ တစ်နိုင်ငံလုံး လွှမ်းခြုံပြီး တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနိုင်မှာတော့ မဟုတ်သေး ပါဘူး။ ဒါပေမယ့် ခေတ်မီအဆင့်မြင့် ဝန်ထမ်းအိမ်ရာစနစ်တွေကို ပုဂ္ဂလိက ကဏ္ဍရဲ့ ပူးပေါင်းပါဝင်မှု၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တစ်ဖြည်းဖြည်းချင်း တိုးချဲ့ တည်ဆောက်ပေးလျက်ရှိပါကြောင်း အသိပေး ပြောကြားချင်ပါတယ်။
ကျွန်မတို့အစိုးရနဲ့အတူတူ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် လုပ်ပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မစီးပွားရေးလုပ်ငန်းရှင်တွေကို ချမ်းသာစေချင်ပါတယ်။ အောင်မြင်စေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်နည်းအားဖြင့်ပြောရရင် ဟိုးရှေးရှေးတုန်းကတော့ နိုင်ငံဝမ်းဗိုက်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ တစ်နည်းအားဖြင့် ခုခေတ်မှာလည်းနိုင်ငံဝမ်းဗိုက်ပါပဲ။ ဒါကြောင့်မို့ စီးပွားရေးလုပ်ငန်း ရှင်များအောင်မြင်တာကို ကျွန်မတို့က မုဒိတာပွားပါတယ်။ အောင်မြင်စေချင်တယ်။ ချမ်းသာစေချင်တယ်။ တိုးတက်စေချင်တယ်။အဲ့ဒီအောင်မြင်မှုတွေ ချမ်းသာမှုတွေ တိုးတက်မှုတွေကိုလည်း နိုင်ငံအတွက်လည်း အသုံးပြုစေချင်တယ်။ ပရဟိတ အတ္တဟိတ ကိုယ့်အတွက်ကိုယ်သုံးတာကို အပြစ်မရှာပါဘူး။ ကိုယ့်ချွေးနဲစာနဲ့ မှန်မှန်ကန်ကန်လုပ်ပြီး ရလာတဲ့ကိုယ့်ချမ်းသာမှုကို ကိုယ့်အနေနဲ့သုံးစွဲချင်တာ ဒါဟာ အမှားမဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့နိုင်ငံမှာ မျှဝေပြီးတော့ ခံစားတဲ့ စိတ်ဓာတ်ကလေး ရှိစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ရဲ့အခြေခံ အားသာချက်ဖြစ်ပါတယ်။ အများလည်း သိပြီးသားဖြစ်မှာပါ။ ကျွန်မတို့နိုင်ငံက ပြည်သူ ပြည်သားများဟာ ကမ္ဘာပေါ်မှာအရက်ရောဆုံး ပြည်သူပြည်သားတွေဆိုပြီး သတ်မှတ် ခြင်းခံရပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံက ကမ္ဘာပေါ်မှာ မဖွံ့ဖြိုးဆုံးနိုင်ငံတွေထဲက တစ်ခုပါပဲ။ ဒီလိုဖွံ့ဖြိုးမှု နည်းပါးပြီးတော့ ရုပ်ပိုင်းဆိုင်ရာချမ်းသာကြွယ်ဝမှုနည်းပါးသော် လည်း ကျွန်မတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုကြောင့် ဒီလို အရက်ရော ဆုံးနိုင်ငံ၊ အရက်ရောဆုံးပြည်သူပြည်သားတွေ ဆိုတဲ့အဆင့်ကို ကျွန်မတို့ကို အားလုံးက အသိအမှတ်ပြုရပါတယ်။
ကျွန်မတို့ ချမ်းသာကြွယ်ဝလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြီးတော့ အင်အားကောင်းလာတာနဲ့အမျှ ဒီအခွင့်အကောင်းတွေနဲ့ စိတ်ဓာတ်ရေးရာ အချက် အလက်လေးတွေကို မမေ့ပါနဲ့။ အဲဒါတွေကို မစွန့်လွှတ်ပါနဲ့။ ဒါတွေကို ကျွန်မတို့ သေချာဆုပ်ကိုင်ထားပါ။ ကိုယ်ပိုပြီးတော့ချမ်းသာကြွယ်ဝလာတာနဲ့အမျှ ကိုယ့်ရဲ့ ရက်ရောတဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့မျှဝေချင်တဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့ကရုဏာမေတ္တာ ထားတတ်တဲ့စိတ်ဓာတ်ဟာလည်း ပိုပြီးတော့ အင်အားရှိလာအောင် လုပ်စေချင်ပါ တယ်။ အဲ့ဒီလိုသာလုပ်မယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ ကမ္ဘာကြီးမှာ တစ်ခြားနိုင်ငံတွေ နဲ့မတူဘဲ ထူးထူးခြားခြား လူတွေအတွက် စိတ်လုံခြုံရာ တိုင်းပြည်တစ်ခုဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်မတို့ ကြိုးစားစေချင်တယ်။ ကျွန်မတို့ဘယ်လိုပဲ စိန်ခေါ်မှုတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ အခက်အခဲတွေ ဘယ်လိုပဲရင်ဆိုင်ရ ရင်ဆိုင်ရ ကျွန်မတို့ရဲ့စိတ်ဓာတ်ရေးရာ ပိုမိုမြင့်မားလာအောင်လို့ လေ့ကျင့်ပေးတာပဲဆိုပြီး ခံယူပြီးတော့ စိတ်ဓာတ်မကျဘဲ ပိုမိုပြီးကြိုးစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာ့ပညာရေးကဏ္ဍမှာ အဘက်ဘက်က စနစ်တကျနဲ့ ဖွံ့ဖြိုး တိုးတက်လာစေဖို့နဲ့ ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေရဲ့ လူမှုဘဝတွေ အဆင့် မြင့်မားလာစေဖို့အတွက် ကျွန်မတို့ အစိုးရက နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်နေပါ တယ်။ ကျွန်မတို့ရဲ့ ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေကလည်း ကျွန်မတို့နိုင်ငံ ရဲ့ ပညာရေးအဆင့်အတန်းမြင့်မားလာစေဖို့ အစွမ်းရှိသမျှ ကြိုးစားအားထုတ်စေချင်ပါ တယ်။ ခေတ်မီနိုင်ငံ၊ ဖွံ့ဖြိုးတဲ့နိုင်ငံ၊ ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကျွန်မတို့အားလုံး အတူတစ်ကွ ကြိုးပမ်းအားထုတ်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ တိုးတက်ဖို့အတွက် အားလုံးဝိုင်းပြီး ကူညီပေးကြပါ။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာရော ကျွန်မတို့နိုင်ငံက ကျွန်မတို့ပြည်သူတွေက ရည်မှန်းချက်ကြီးဖို့လိုပါတယ်။ ကျွန်မတို့ နိုင်ငံက တစ်ခြားနိုင်ငံတွေနဲ့ မတူတဲ့ ပုံစံမျိုးနဲ့ တိုးတက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိရမယ်။ ယုံကြည်ချက်တစ်ခုတည်းရှိလို့မရဘူး။ ဒီယုံကြည်ချက်အပေါ်မှာ အခြေခံပြီးတော့ ဝါယမစိုက်ထုတ်ရမယ်။ ကြိုးစားရမယ်။ အားထုတ်ရမယ်။ အပင်ပန်း ခံရမယ်။ အပင်ပန်းခံရတာကို မကြောက်ပါနဲ့။ ကိုယ့်ကျန်းမာရေးကောင်းဖို့အတွက် ရော၊ ကိုယ်နိုင်ငံကောင်းဖို့အတွက်ရော အလုပ်လုပ်ကြပါလို့ ကျွန်မတိုက်တွန်းရင်း နိဂုံး ချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မင်းဓမ္မပညာ့ရိပ်သာ အပ်နှံမှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံကို ပေးအပ်သည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ မင်းဓမ္မပညာ့ ရိပ်သာ အပ်နှံမှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံကို ပေးအပ်သည်။
ထို့နောက် Sae Paing Development Limited ဥက္ကဋ္ဌ ဦးဝိတ်က ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းထံသို့ အိမ်ရာထိန်းသိမ်းရေး မတည်ရန်ပုံငွေ ကျပ်သိန်း နှစ်ထောင် ကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာမုဒ်ဦးရှေ့တွင် စိုက်ထူထားသည့် ကမ္မည်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မင်းဓမ္မပညာ့ရိပ်သာ ဆရာများ အိမ်ရာ၊ လှိုင်ပညာရိပ်သာ ဝန်ထမ်းအိမ်ယာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲအခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများနှင့် မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး မင်းဓမ္မပညာ့ရိပ်သာ အိမ်ရာဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ အိမ်ရာတွင်နေထိုင်ကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါစီမံကိန်းကို နိုင်ငံတော်၏မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၏ လူမှုဘဝများ မြင့်မားလာစေရေးကို အထောက်အကူပြုစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ လုပ်ငန်းအပ်နှံသူအဖြစ်၊ ဆောက်လုပ် ရေးဝန်ကြီးဌာနမှ လုပ်ငန်းကြီးကြပ် စီမံခန့်ခွဲသူအဖြစ်နှင့် Sae Paing Development ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Myanmar Imperial Vega Company တို့ (PPP) အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကာ အဆိုပါစီမံကိန်းတစ်ခုလုံးတွင် နိုင်ငံ့ ဝန်ထမ်းများအတွက် အဆင့်မြင့်အိမ်ခန်းပေါင်း ၂၄၀၀ ခန်း ပါဝင်ပြီး ကားပါကင် အဆောက်အဦများ၊ Community Center များ၊ ရေကူးကန်၊ GYM စသည်တို့ကို ကုမ္ပဏီ၏ ရင်းနှီးငွေဖြင့် ဆောက်လုပ်ကာ ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အိမ်ခန်းများကို ရန်ကုန်မြို့ပြ၏ လှပသောပုံရိပ်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဌာနအသီးသီးမှ ပညာရှင်များစုစည်းလျက် ကုမ္ပဏီမှ အင်ဂျင်နီယာနှင့် ဝန်ထမ်းများဖြင့် နေ့၊ ညမပြတ် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။







No comments:

Post a Comment