နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၃
(၁၉)ကြိမ်မြောက်
အာရှသိပ္ပံကောင်စီ ညီလာခံ (Science Council Asia-SCA)
ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ Grand Amara
Hotel ပင်းယခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အာရှသိပ္ပံကောင်စီကိုသက္ကရာဇ်
၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့်
သိပ္ပံပညာရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပါကြောင်း၊
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် ဂျပန်သိပ္ပံ
ကောင်စီ(SCJ)နှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး
ယခုအာရှသိပ္ပံကောင်စီ၏ ၁၉ ကြိမ်မြောက် ညီလာခံကို မြန်မာနိုင်ငံဝိဇ္ဇာနှင့်
သိပ္ပံပညာရှင်အဖွဲ့က အိမ်ရှင်အဖြစ် ကျင်းပပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ယခုညီလာခံကြီးသည် ပင်မခေါင်းစဉ်တစ်ခုနှင့် ခေါင်းစဉ်ခွဲ(၄)ခုတို့ဖြင့်
ကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် စာတမ်းစုစုပေါင်း(၁၀၈)ခု၊
ပိုစတာ(၄၀)ခုနှင့် ပူးတွဲသုတေသနပရောဂျက် အလုပ်ရုံဆွေးနွေးပွဲ(၂)ခုတို့
ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပညာရေးအရည်အသွေး မြင့်မားရေး၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း
မြင့်မားရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊
ပညာရေးကဏ္ဍတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာကို ပြုပြင်ပြောင်းလဲရေးများ
လုပ်ဆောင်နေပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် KG+12 စနစ်ကို
အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ လုပ်သားဈေးကွက်ကို
ဖြည့်ဆည်းပေးနိုင်မည့် စက်မှုနှင့်သက်မွေး၊ နည်းပညာသင်ရိုး
ညွှန်းတမ်းများကိုလည်း ပြင်ဆင်ရေးဆွဲနေပါကြောင်း၊ ဆရာအတတ်သင်
ပညာရေးအရည်အသွေးကို တိုးမြှင့်ဆောင်ရွက်နေပါကြောင်း၊
အဆင့်မြင့်ပညာကဏ္ဍတွင်လည်း သုတေသနဖွံ့ဖြိုးတိုးတက်ရေး
ပံ့ပိုးဆောင်ရွက်နေပြီး တက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ရရှိရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင်
အာရှသိပ္ပံကောင်စီအဖွဲ့ဝင် (၃၂)နိုင်ငံတို့၏ ပူးတွဲသုတေသနလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ပညာရပ်နှင့်အလေ့အကျင့်ကောင်းများ ဝေမျှဖလှယ်
ဆောင်ရွက်နေခြင်းတို့အား အသိအမှတ်ပြုပါကြောင်း၊ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီနိုင်စေရန်အတွက်
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အနေဖြင့်
အာရှသိပ္ပံကောင်စီနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်များတွင်
ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့ညီလာခံတွင် ပညာရှင်များက
မိမိတို့၏ပညာရပ်အမြင်များကို ဖလှယ်၍ အာရှဒေသရှိ အဓိကပြဿနာများကို
သိရှိရုံသာမက ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ ရှာဖွေတွေ့ရှိနိုင်မည်ဟု
မျှော်လင့်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်
တရုတ်နိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ Dr.Wang
Xi က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ယင်းနောက်
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာသက်လွင်က
ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ အာရှဖွံ့ဖြိုးမှုဘဏ် ဒုတိယဥက္ကဋ္ဌ
Dr. BambangSusantono နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏
ပထမဦးဆုံးဥက္ကဋ္ဌဖြစ်သော ဒေါက်တာသန်းဦးတို့က Keynote speech များကို
ပြောကြားကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြပြီး
သက်ဆိုင်ရာအခန်းအသီးသီး၌ စာတမ်းများကို အစီအစဉ်အတိုင်း ဖတ်ကြားကြသည်။
ညီလာခံအား ၃၊၁၂၊၂၀၁၉ ရက်နေ့မှ ၅၊၁၂၊၂၀၁၉ ရက်နေ့အထိ ကျင်းပသွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment