နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်(၈)နာရီတွင်
နေပြည်တော်၊ ရုံးအမှတ်(၁၃)၊ ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်သည့် ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာအရောင်းကိုယ်စားလှယ်များ၏
ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား
ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယမန်နှစ်က
ကူဘိုတာမှပေးအပ်လှူဒါန်းသော ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာအစုံ
၁၆၃၀၀ကိုရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်နှင့် ဒေသအသီးသီးတို့မှ
ကျောင်းသား ကျောင်းသူများကို ပေးအပ်ခဲ့ပါကြောင်းနှင့်
လိုအပ်သောကျောင်းများသို့လည်း ဖြန့်ဝေလှူဒါန်းခဲ့ပါကြောင်း၊ ယခုနှစ်တွင်
ကူဘိုတာကုမ္ပဏီမှ လှူဒါန်းသော ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာ
အစုံပေါင်း(၁၂၀၀၀)အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနှံ့ရှိ
လိုအပ်လျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ဆက်လက်ဖြန့်ဝေ
ပေးအပ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။ ဆက်လက်၍ KUBOTA Myanmar
ကုမ္ပဏီ၏ Managing Director Mr.Kunitomo Sato က အမှာစကား ပြောကြားသည်။
ထို့နောက် ကူဘိုတာကုမ္ပဏီမှ ကျောင်းသား ကျောင်းသူများအတွက်
ကျောပိုးအိတ်နှင့် စာရေးကိရိယာများလှူဒါန်းရာ ပညာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူပြီး
အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ ကူဘိုတာကုမ္ပဏီနှင့်
ကူဘိုတာအရောင်းကိုယ်စားလှယ်တို့ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး
ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ
အစုံရေ(၁၂၀၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၅၀၀)ကျော်
လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment