Saturday, December 7, 2019

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ DBE Box (K-12 Digital Teaching Resources) ရှေ့ပြေးစမ်းသပ်တပ်ဆင်မှု မိတ်ဆက်အခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ DBE Box (K-12 DigitalTeaching Resources) ရှေ့ပြေးစမ်းသပ်တပ်ဆင်မှု မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် (၈:၄၅) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ (၂၀၁၆-၂၀၂၁)ချမှတ်၍ မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက် ရှိနေသော်လည်း သင်ကြားရေးဆရာ ဆရာမလိုအပ်ချက်၊ ပိုမိုကောင်းမွန်သော သင်ယူမှုဝန်းကျင်၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုနှင့် ဆရာ ဆရာမများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုစသည်တို့တွင်လည်း တိုးတက်ကောင်းမွန်ရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါကြာင်း၊ ထိုအခက်အခဲနှင့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် အခြေခံပညာဦးစီးဌာန စာသင်ကျောင်းများရှိ ဆရာ ဆရာမများအတွက် KG, Grade 1, Grade 2, Grade 3 နှင့်ပတ်သက်သော စာအုပ်များ၊ သင်ခန်းစာများ၊ ဆရာကိုင်နှင့် အထွေထွေ သင်ကြားရေး အထောက်အကူပြု စာအုပ်များ၊ ပညာရေးဆိုင်ရာမူဝါဒ၊ ဥပဒေနှင့်ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများအား အလွယ်တကူ လက်လှမ်းမီလေ့လာနိုင်ရန်အတွက် အင်တာနက်(ဒေတာ) အသုံးပြုရန်မလိုအပ်သော DBE Box များအား တပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ ရေးသားပြုစုထားသော Creative Commons License ရရှိထားသော သင်ကြားသင်ယူမှု အထောက် အကူပြု သင်ထောက်ကူများကိုလည်းDBE Box များတွင်ထည့်သွင်းပေးထားပါကြောင်း၊ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်များအား နေပြည်တော်ရှိ ကျောင်းပေါင်း(၂၀)၊ ရန်ကုန်ရှိကျောင်းပေါင်း(၂၀)၊ မန္တလေးရှိကျောင်းပေါင်း(၂၀) ၊ စုစုပေါင်းကျောင်းပေါင်း (၆၀)တို့တွင် စတင်တပ်ဆင် အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်မှုမရှိသော၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသော အခြေခံပညာမူလတန်း ကျောင်း(သို့မဟုတ်) မူလတန်းလွန်ကျောင်းများကို ရှေ့ပြေးစမ်းသပ်တပ်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများနှင့် သင်ကြားသင်ယူရေး အရင်းအမြစ်များအား Smart Phone (touch screen) ဖုန်းများ၊ Tablet များဖြင့် လေ့လာကြည့်ရှုအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ စမ်းသပ်တပ်ဆင်ထားသော ကျောင်းများ၏ နေ့စဉ်အသုံးပြုမှု အခြေအနေများအား စစ်တမ်းကောက်ယူခြင်း၊ သုံးစွဲစဉ်ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့တပ်ဆင်သွားနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့ကျောင်းတွင် တပ်ဆင်ထားသော DBE Box များအား ဆရာ ဆရာမများ အသုံးပြုနိုင်ရေး ကူညီစီစဉ်ပေးလိုပါကြောင်း၊ သုံးစွဲရာတွင် ကြုံတွေ့ရသောအခြေအနေများနှင့် ထပ်မံဖြည့်စွက်လိုသော အကြံပြုချက်များကို သက်ဆိုင်ရာ တိုင်းပညာရေးမှူးရုံးများမှ အခြေခံပညာဦးစီးဌာနသို့ ပြန်လည်တင်ပြပေးရန် လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာန၏ နည်းပညာအခြေပြု ပြုပြင်ပြောင်းလဲမှုများမှ တစ်ခုအပါအဝင်ဖြစ်ပြီး (Industry 4.0) နှင့်အညီ ICT နည်းပညာများ အသုံးပြု၍ ပညာရေးဆိုင်ရာ သင်ကြားသင်ယူမှုများ တိုးတက်ကောင်းမွန်လာရေး အထောက်အကူပြုနိုင်မည့် အစီအစဉ်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အသိပညာရှင် အတတ်ပညာရှင်များ အနေဖြင့် ပူးပေါင်းကူညီပေးနိုင်ရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် DBE Box (K-12 Digital Teaching Resources) များအား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ တိုင်းဒေသကြီးပညာရေးမှူးများက လက်ခံရယူကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန၏ အထူးစီမံကိန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဦးတင်မောင်မောင်အေးက DBE Box (K-12 Digital Teaching Teaching Resources)တွင် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Unicef, My-EQIP,OSM တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပညာရေးမှူးများ၊ စမ်းသပ်ကျောင်း(၂၀)မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။











No comments:

Post a Comment