Monday, December 9, 2019

ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (EMIS)နှင့် School Mapping System အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၆

ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (EMIS)နှင့်School Mapping System အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကိုယနေ့နံနက် (၈း၃၀)နာရီတွင် နေပြည်တော် ကင်ပါ့စကီးဟိုတယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့အခမ်းအနားသည် UNESCO ၏နည်းပညာထောက်ပံ့ကူညီမှုနှင့် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System – EMIS) စနစ်နှင့် School Mapping System တို့ကိုအသိပေးမိတ်ဆက်သည့်အခမ်းအနား ဖြစ်ပါကြောင်း၊အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP) ၏ အခန်း (၁၃)၊ မဟာ ဗျူဟာ (၂)၊ လုပ်ငန်းအစီအစဉ် (၃) လူ့စွမ်းအားအရင်းအမြစ် သတင်းအချက် အလက်စနစ် (Human Resource Information System – HRIS) နှင့် ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System – EMIS) ကိုအားကောင်းအောင် ပြုလုပ်၍ Education Portal တစ်ခုထူထောင်ရန်ဆိုသည့် လုပ်ငန်းအစီအစဉ်အရဆောင်ရွက်ခဲ့သည့်စနစ်များဖြစ်ပါကြောင်း။
မှန်ကန်သောပညာရေးဆိုင်ရာမူဝါဒများချမှတ်နိုင်ရန်အတွက်တိကျပြည့်စုံသည့်စာရင်းအင်းအချက်အလက်များနှင့်Up-to-Date ဖြစ်သည့် သတင်းအချက်အလက်များလိုအပ်ပါကြောင်း၊ယနေ့ စတင်မိတ်ဆက်သည့် EMIS စနစ်တွင်ပညာရေးဝန်ကြီးဌာနကတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသောအခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍ၊ ကျောင်းပြင်ပပညာရေးကဏ္ဍများ၏သတင်းအချက်အလက်များနှင့်အတူလူ့စွမ်းအားအရင်းအမြစ်နှင့်ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များလည်းပါဝင်သည့်အတွက် ပညာရေးဝန်ကြီးဌာနအတွက် လိုအပ်တဲ့ သတင်း အချက်အလက်တွေ အလုံးစုံလွှမ်းခြုံပါဝင်တာကိုတွေ့ရမည်ဖြစ်ပါကြောင်း၊
EMIS စနစ်တွင်ရှိသည့်သတင်းအချက်အလက်တွေကို School Mapping စနစ်နဲ့ ချိတ်ဆက်ပြီးမြေပုံပေါ်မှာတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပညာရေးဆိုင်ရာအချက်အလက်များကိုအလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်သည့်အတွက် အထောက်အထားအခြေပြု မူဝါဒများချမှတ်ရာမှာ၊ စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာမှာများစွာအထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊
နိုင်ငံတကာတွင်လည်းထိရောက်သည့်မူဝါဒများချမှတ်ရန်၊ စီမံကိန်းများဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာနအသီးသီးအနေဖြင့် EMIS ကဲ့သို့ Information System များကိုပိုမိုအသုံးပြုလာကြသည်ကိုတွေ့ရမည် ဖြစ်ပါကြောင်း၊ယခုကဲ့သို့ Information System များသည် ၂၁ ရာစု နည်းပညာထွန်းကားမှုနဲ့ အတူပြောင်းလဲလာသည့် ခေတ်စနစ်၏လိုအပ်ချက်များကြောင့် အစိုးရဌာနအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ကုမ္ပဏီများတွင်ပိုမိုတိုးမြှင့်အသုံးပြုလာကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်းယခု EMIS စနစ်ကိုစတင်အသုံးပြုနိုင်ခြင်းဖြင့် ပညာရေးအတွက် ခေတ်မီ ကဏ္ဍသစ်တစ်ခုဖွင့်လှစ်လိုက်နိုင်ပြီဟုဆိုရမည်ဖြစ်ပါကြောင်း၊ ယခုစတင် မိတ်ဆက်သည့် EMIS စနစ်နှင့်School Mapping စနစ်များကပညာရေးဆိုင်ရာလုပ်ငန်းများတွင်ထိထိရောက်ရောက် အထောက်အကူပြုစေနိုင်ရေးအတွက် ယခုစနစ်များသို့ထည့်သွင်းသည့်ဒေတာများ၊ ထုတ်ပေးသည့်သတင်းအချက်အလက်များ တိကျမှန်ကန်မှုရှိရန် အလွန်အရေးကြီးပါကြောင်း၊မည်သည့်သတင်းအချက်အလက်စနစ်ဖြစ်စေထည့်သွင်းသည့်ဒေတာမှန်ကန်မှသာ ပြန်လည်ထုတ်ယူတဲ့ သတင်းအချက်အလက်များလည်းမှန်ကန်မည်ဖြစ်သည့်အတွက် EMIS စနစ်သို့ ဒေတာများထည့်သွင်းရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရန် အဆင့်ဆင့်တာဝန်ယူ၊ တာဝန်ခံမှုအပြည့်နှင့်ကြီးကြပ် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊
ယခု EMIS စနစ်နှင့် School Mapping စနစ်များသည် ပညာရေးသတင်း အချက်အလက်များကိုတစ်စုတစ်စည်းတည်းရယူအသုံးပြုနိုင်မည့်အခြေခံ Platform များအဖြစ်စတင် ထွက်ပေါ်လာတာ ဖြစ်သည့်အတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေများစွာရှိနေပါကြောင်း၊ ယခုစနစ်များကိုရေရှည်မှာစဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးအတွက် Real Time Data များ၊ Up-to-Date Data များကိုအမြဲမပြတ်ထည့်သွင်းနိုင်ရန်လိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ Software အသစ်၊ System အသစ်များရေးဆွဲကြရာတွင်လည်းယခု EMIS စနစ်နှင့်ချိတ်ဆက် ဆောင်ရွက်ရန် ဦးတည်စဉ်းစားကြရန်လိုအပ်မှာ ဖြစ်ပါကြောင်း၊ System အသစ်များကိုတတ်နိုင်သမျှ သီးခြားမရေးဘဲ EMIS စနစ်တွင်ရှိပြီးသား အချက်အလက်များကိုရယူအသုံးပြုပြီးလိုအပ်သည့် အပိုင်းကိုသာထပ်မံရေးဆွဲပါကလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ပိုမိုလျှင်မြန်လာနိုင်သလို စနစ်အမျိုးမျိုးကနေတူညီသော ဒေတာများအကြိမ်ကြိမ် ကောက်ယူခြင်းမျိုးကနေရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း၊
EMIS စနစ်နှင့် School Mapping စနစ် ရေးဆွဲရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်ယူနက်စကို၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ရေရှည်တည်တံ့ဖွံ့ဖြိုးသည့်စနစ်များဖြစ်အောင် ဆက်လက်ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လည်းတိုက်တွန်းပါကြောင်း၊ EMIS စနစ်နဲ့ School Mapping စနစ်အနေနဲ့ ပညာရေးဆိုင်ရာမူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများဆောင်ရွက်ခြင်းနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်များစွာအထောက် အကူပြုစေနိုင်မည်ဟုယုံကြည်ပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီတို့မှ ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ UNESCO Myanmar Office မှ Head of Office Ms. Min Jeong Kim, International Consultant Mr. James Shoobridge, ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြကြောင်းသတင်းရရှိသည်။












No comments:

Post a Comment