Tuesday, December 3, 2019

သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၈
သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး၀င်းသိန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးတွင် အခြေခံပညာကဏ္ဍ၌ ဆရာ ဆရာမစုစုပေါင်း(၄၄၂၁၉)ဦး၊ ကျောင်းအားလုံးတွင် ကျောင်းသား ကျောင်းသူ(၉၆၀၄၇၆)ဦးရှိပြီး အခြေခံပညာကျောင်း(၄၉၂၇)ကျောင်း ရှိပါကြောင်း၊ နည်းပညာ နှင့်သက်မွေးပညာကဏ္ဍတွင် ကျောင်း(၃)ကျောင်းရှိပြီး ဆရာ ဆရာမ(၁၅၃)ဦး၊ ကျောင်းသား ကျောင်းသူ(၁၁၉၉) ဦးရှိပါကြောင်း။ အဆင့်မြင့်ပညာ ကဏ္ဍတွင် ဝိဇ္ဇာသိပံ္ပတက္ကသိုလ် (၃)ကျောင်းရှိပြီး ဆရာ ဆရာမ(၈၃၈)ဦး၊ ကျောင်းသား ကျောင်းသူ(၇၂၄၃၉)ဦးရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(၄)ကျောင်း ရှိပြီး ဆရာ ဆရာမ(၄၀၆)ဦး၊ ကျောင်းသား ကျောင်းသူ (၄၀၅၈)ဦး၊ ပညာရေးကောလိပ် (၂)ကျောင်းရှိပြီး ဆရာ ဆရာမ(၁၈၈)ဦး၊ ကျောင်းသား ကျောင်းသူ(၂၂၅၄)ဦးရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိ၍ ကျေးရွာအုပ်စု စုစုပေါင်း(၁၄၁၄)ရှိပြီး ကျေးရွာအုပ်စု တိုင်းတွင် အနည်းဆုံး မူလတန်းလွန်ကျောင်း (၁)ကျောင်း ရှိပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များ ရှိနေသေးရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စာသင်ဆောင်(၃၅၅)ဆောင်၊ သိပံ္ပဆောင်(၇)ဆောင်၊ စာကြည့်တိုက်နှင့် မီဒီယာခန်းမ(၁၃)ဆောင်၊ ဝန်ထမ်းအိမ်ရာ(၄၁)ဆောင်၊ စုစုပေါင်း (၄၁၆)ဆောင်အတွက် ငွေကျပ် (၂၂၆၃၈.၇၅၅) သန်းဖြင့် ဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(၆) ကျောင်းအတွက် ကျောင်းသား ကျောင်းသူအိပ်ဆောင်(၆)ဆောင်၊ စာသင်ဆောင်(၂)ဆောင်၊ ဘက်စုံခန်းမ(၂)ဆောင်၊ စားသောက်ဆိုင်တန်း(၁)ခု၊ ဘောလုံးပွဲကြည့်စင်(၁)ခု၊ ဆရာ ဆရာမ ဆောင်(၁)ဆောင်၊ အရာရှိနေအိမ်(၁)လုံးနှင့် ဝန်ထမ်းအိမ်ရာ(၂)ဆောင်တို့အား ဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသားစာပေသင် Teaching Assistant(TA) (၆၄၀)ဦး၊ Language Teacher(LA) (၉၀၉)ဦး ခန့်ထားပြီး ဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်များကိုလည်း (၄)နှစ်သင် ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊  နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် ကာလတိုသင်တန်း(၁၈) မျိုး၊ ကာလရှည်သင်တန်း(၁၄)မျိုး ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိပြီး GTI(ပဲခူး)နှင့် GTI (တောင်ငူ)ကျောင်းသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ Grade-5 စစ်ဆေးအကဲဖြတ်ခြင်းတွင် အဆင့် A ဖြင့် အောင်မြင်သူ ၁၄.၅၆ ရာခိုင်နှုန်း၊ အဆင့် B ဖြင့် အောင်မြင်သူ ၄၃.၃၅ ရာခိုင်နှုန်း၊ အဆင့် C ဖြင့် အောင်မြင်သူ ၄၄.၀၈ ရာခိုင်နှုန်း၊ အဆင့် D ရရှိသူ ၀.၀၁ ရာခိုင်နှုန်း ရှိပါကြောင်း၊ Grade-9 စစ်ဆေးအကဲဖြတ်ခြင်းတွင် အဆင့် A၊ B၊ C ဖြင့် အောင်မြင်သူ ၁၀.၁၇ ရာခိုင်နှုန်း၊ ၃၁.၃၄ရာခိုင်နှုန်း၊ ၅၈.၄၉ ရာခိုင်နှုန်း အသီးသီးဖြစ်၍ အဆင့် D ရရှိသူ ၀.၀၁ ရာခိုင်နှုန်းရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၂၉.၄၆ ရာခိုင်နှုန်းရှိပါကြောင်း တွေ့ရှိရသဖြင့် ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးအတွက် နက်နက်နဲနဲ သင်ယူရေးကိုသာ အားပေးရန် အရေးကြီးပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းရှိပါကြောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ပြည်)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိပါကြောင်း။ GTHS (တောင်ငူ)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်းရှိပါကြောင်း၊‌ ပဲခူးတက္ကသိုလ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၀.၈ ရာခိုင်နှုန်း ရှိပါကြောင်း၊ ပြည်တက္ကသိုလ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၈၆.၆ ရာခိုင်နှုန်း ရှိပါကြောင်း၊ တောင်ငူတက္ကသိုလ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအာင်ချက်ရာခိုင်နှုန်း ၈၉ ရာခိုင်နှုန်း ရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအာင်ချက်ရာခိုင်နှုန်း ၉၉.၉ ရာခိုင်နှုန်းရှိပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၈၅.၃ ရာခိုင်နှုန်း၊ နည်းပညာတက္ကသိုလ်(ပြည်)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၉၈.၉ ရာခိုင်နှုန်း၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၉၇.၉၅ ရာခိုင်နှုန်း၊ တောင်ငူပညာရေးကောလိပ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ၉၇.၉၅ ရာခိုင်နှုန်း၊ ပြည်ပညာရေးကောလိပ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ၁၀၀ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၈၂၀၁၉ ပညာသင်နှစ်၌ ရိုးရိုးဘွဲ့ရရှိသူဦးရေ (၈၅၃၁)ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ ဉီးရေ (၃၀၂)ဦး၊ မဟာဘွဲ့ရသူဦးရေ (၁၆၃)ဦးရှိပါကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် ကျောင်းနေအရွယ် ကလေးအားလုံး တစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိရေးနှင့် အရည်အသွေးရှိသော သင်ယူတတ်မြောက်မှု အခွင့်အလမ်းရရှိရေးတို့အတွက် လိုအပ်နေသော ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီများ၊ အိပ်ဆောင်များ၊ အိမ်ရာများ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ စသည့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးတင်ပြ ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသူများ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များဖြည့် ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အလားတူ သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာလ(၂၅)ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။













No comments:

Post a Comment