Thursday, December 12, 2019

ပညာရေးဝန်ကြီးဌာန၊ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ILBC ကျောင်းတို့ ပူးပေါင်းကျင်းပသော သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၈
ပညာရေးဝန်ကြီးဌာန ၊ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ILBC တို့ ပူးပေါင်းကျင်းပသော သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်းဖွင့်ဖွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဦးနာယက က သြဝါဒစကား မြွက်ကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးသည် မွေးဖွားချိန်မှအစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပြီး အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်း သင်ယူလျှက် ဘဝတစ်သက်တာ သင်ယူကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးသည် အဓိကအရင်းအနှီး ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုမှစတင်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာကဏ္ဍကို အဓိကထားပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်နေပါကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရကျောင်းများသာမက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ ဆရာမများ၏ အရည်အသွေးများကို ပိုမိုမြှင့်တင်ပေးခြင်းအားဖြင့် အရည်အသွေးမြင့်မား၍ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို ပိုမိုမွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း+ တစ်ဆယ့်နှစ်တန်း ပညာရေးအတွက် ဘာသာစုံသင်ရိုးညွှန်းတမ်းစာအုပ်များ အားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ်တွင်မူလတန်းပြအားလုံးကို (Grade-4) စတုတ္ထတန်းသင်တန်း၊ အလယ်တန်းပြဆရာ ဆရာမများအားလုံးကို (Grade-7) သတ္တမတန်းသင်တန်းနှင့် အထက်တန်းပြဆရာ ဆရာမများအားလုံးကို (Grade-10) ဒသမတန်းသင်တန်းများ ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏အင်္ဂလိပ်စာ၊ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးတို့ကိုလည်း အမြဲမြှင့်တင်ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန် နားလည်ရေး၊ လေးစားတန်ဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက်တတ်ရေး၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်ကို ထိရောက်စွာအသုံးပြုနိုင်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ် ဆေးရွက်ကြီး အရက်နှင့်ကွမ်းယာ သုံးစွဲမှုကင်းစင်ပပျောက်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးမှစ၍ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးများကို လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် သင်တန်းသား သင်တန်းသူများအား ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ယင်းနောက်သင်တန်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ယင်းနောက် ILBC မှ မန်နေးဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက ဝမ်းမြောက်စကား ပြောကြားပြီး Hanns Seidel Foundation ကိုယ်စား စီမံကိန်းမန်နေဂျာ ဒေါ်မြသက်နွယ်က လွှတ်တော်ဆိုင်ရာ အသိပညာပေး စာစောင်များအကြောင်း ရှင်းလင်းတင်ပြ၍ စာအုပ်များကို ပေးအပ်လှူဒါန်းသည်။ မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေက ကျေးဇူးတင်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်းအား (၇၊၁၂၊၂၀၁၉) ရက်နေ့မှ (၁၃၊၁၂၊၂၀၁၉) ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်းများမှ ဆရာ ဆရာမစုစုပေါင်း(၄၁၁)ဦး တက်ရောက်ကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်များသို့ သွားရောက်၍ တက္ကသိုလ်အတွင်း ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အသီးသီးတွင် သုတေသနနှင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်၍ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။






No comments:

Post a Comment