Monday, December 9, 2019

ပညာရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်အတွက် မူဝါဒဆိုင်ရာဆေွးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၆
ပညာရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်အတွက် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နေလယ် ၁နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျွမ်းကျင်မှုအခြေပြုနိုင်ရေးတို့ကို မြှင့်တင်ရန် အခြေခံပညာရေး၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၏ အဓိကပြုပြင်ပြောင်းလဲမှုများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၂-၂၀၂၃ခုနှစ်အထိ ၅နှစ်အတွက် ရန်ပုံငွေများပံ့ပိုးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိရေး၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူ မရှိစေရေး စသည့်မူဝါဒများဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးတွင် သင်ရိုးညွှန်းတမ်းများကို ၂၁ရာစု ပညာရေးနှင့်အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သင်ရိုးသစ်ကို သင်ကြားခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများကို စည်းကမ်းလိုက်နားမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ်တိုးတက်လာခြင်း တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာပါကြောင်း၊ Grade-3 ကျောင်းသား၊ ကျောင်းသူတိုင်း အခြေခံ အရေး၊ အဖက်၊ အတွက် ကောင်းမွန်စွာ တတ်မြောက်ရေး ဆောင်ရွက်နေပါကြောင်း၊ မူလတန်းပညာ အားလုံးပြီးမြောက်၍ အလယ်တန်း၊ အထက်တန်းပညာရေးသို့ ဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေမှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသအလိုက် လိုအပ်သော စာသင်ကျောင်းများ တိုးမြှင့်ဆောက်လုပ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် ဆရာ ဆရာမများခန့်ထားပေးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးများလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လုပ်သားစျေးကွက်နှင့် လိုက်လျောညီထွေမှုရှိသော အရည်သွေးရှိ နည်းပညာ၊ သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာဆိုင်ရာ သင်တန်းအစီအစဉ်များ ဖွင့်လှစ်ပေးနိုင်ရန် ကျောင်းများနှင့် စက်ရုံအလုပ်ရုံဌာနများ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးပါသော ဥရောပသမဂ္ဂနှင့်အတူ ဖွံ့ဖြိုးမှုမိတ်ဖက်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr.Kristian Schmidt က အမှာစကား ပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ဆွေးနွေးကြသည်။ ယနေ့ကျင်းပသည့် အစည်းအဝေးကို ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr.Kristian Schmidt၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ EU Deligation to Myanmar မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အလားတူ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် EU Deligation to Myanmar သံအမတ်ကြီး H.E Mr.Kristian Schmidt နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ ဆရာ ဆရာမများ၊ မိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး စာကြည့်တိုက်၊ စာသင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သတင်းရရှိသည်။








No comments:

Post a Comment