နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန၊
နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုနှင့် နှစ်အလိုက်ဘဏ္ဍာငွေ
ပြန်လည်သုံးသပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့
နံနက်(၁၁:၃၀)နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ ကျောင်းသား
ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးတို့ကို ဦးတည်ပြီး
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic
Plan-NESP) (၂၀၁၆-၂၀၂၁)ကို ကဏ္ဍ ၉ ရပ်၊ ဦးစားပေးလုပ်ငန်း ၁၂ရပ် ချမှတ်ကာ
ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်
နှစ်အလိုက်ပြန်လည် သုံးသပ်ခြင်းသည် ရလဒ်များကို သိရုံသာမက
စွမ်းဆောင်မှှုအရင်းအမြစ်နှင့် လိုအပ်သည့်စွမ်းဆောင်ရည်
မြှင့်တင်မှုလုပ်ငန်းများကိုလည်း သိရှိစေပြီး ပညာရေးဝန်ကြီးဌာနတစ်ခုလုံး၏
အရည်အသွေး တိုးတက်ကောင်းမွန်မှုကို ပံ့ပိုးပေးသည့် လုပ်ငန်းစဉ်တစ်ခုလည်း
ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ အကြံပြုချက်များသည် (၂၀၁၉-၂၀၂၀)နှင့်
(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်များအတွက် ဉီးစားပေးဆောင်ရွက်သင့်သည့်
လုပ်ငန်းများကို သတ်မှတ်နိုင်ရုံသာမက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း
(၂၀၂၁-၂၀၃၀) ပြုစုရေးဆွဲရာတွင်လည်း လိုအပ်သည့်အချက်အလက်များ ရရှိစေနိုင်မည်
ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP)အရ
ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်းတွင် မည်သည့်ခွဲခြားမ
မျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေး
မူဝါဒများနှင့် လူသားကောင်းများ ဖြစ်စေရေး၊ ပူးပေါင်းဆောင်ရွက်တတ်သူတွေ၊
တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သူ၊ တီထွင်ဆန်းသစ်
ဆောင်ရွက်နိုင်စွမ်းရှိသူများ ဖြစ်လာစေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိသကဲ့သို့ အခက်အခဲများ၊
စိန်ခေါ်မှုများလည်း ကြုံတွေ့ရပါကြောင်း၊ အခြေခံပညာရေးသာမက နည်းပညာ၊
သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာရေး၊ ဘဝတစ်သက်တာ
ပညာရေးလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးရေးကို ဦးတည်ပြီး ပိုမိုကောင်းမွန်သော
စီမံကိန်းများပြုစု၍ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ
အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက
ပညာရေးကဏ္ဍအလိုက် အရည်အသွေးမြင့်မားရေးကို စီမံကိန်းများဖြင့်
ဆောင်ရွက်လျက်ရှိရာ ဉီးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံ၊
ကျောင်း၊ ဌာနများအားလုံးရှိ ပညာရေးတွင်ပါဝင်သူများ၏ ပူးပေါင်းပါဝင်
ပံ့ပိုးမှုများကြောင့် တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ပညာရေး
ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများက အထောက်အပံ့များစွာ
ဖြစ်စေပါကြောင်း၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို
ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာနှစ်အတွက် နှစ်အလိုက်
စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုနှင့် နှစ်အလိုက်ဘဏ္ဍာငွေ
ပြန်လည်သုံးသပ်မှု တို့ကို ပညာရေးကဏ္ဍများအလိုက်
အုပ်စုဖွဲ့ဆွေးနွေးကြရာတွင် အောင်မြင်မှုများ၊ အခက်အခဲများ၊
ဉီးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ အမျိုးသားပညာရေး
မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ပြုစုရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်
လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြပါရန်
တိုက်တွန်းပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်
ပေးကြစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း
ဆက်လက် ကျင်းပကြသည်။ ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက် စွမ်းဆောင်ရည်
ပြန်လည်သုံးသပ်မှုနှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်မှုဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲအား ၁၀၊၁၂၊၂၀၁၉ ရက်နေ့မှ ၁၁၊၁၂၊၂၀၁၉ ရက်နေ့အထိ
ကျင်းပသွားမည်ဖြစ်သည်။ ယနေ့အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှု
ကော်မတီတို့မှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး
မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး
အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များ
ကော်မတီတို့မှဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာများသမဂ္ဂနှင့်
ကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာဖွံ့ဖြိုးရေး
မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment