Tuesday, December 3, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်း ကျင်းပ

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၃၀
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပြောကြားရာတွင် ယနေ့ကျင်းပသည့်ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဆရာ ဆရာမ(၁၈၈)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းအုပ်ဆရာ ဆရာမ(၈၀၂)ဦး စုစုပေါင်း(၉၉၁)ဦး တက်ရောက်ကြပါကြောင်း၊ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲ(၈)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုမည့် စာရင်းသွင်းဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂ ဗေဒဘာသာတွဲ(၅၈၂၁၄၉)ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာတွဲ (၁၇၃၂၀၅)ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲ(၁၀) ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲ(၁)ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သမိုင်းဘာသာတွဲ(၅၄၁)ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲ (၂၁၁၁၂၄)ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်ဘာသာတွဲ(၃၁၈၅)ဦး စုစုပေါင်း (၉၇၀၂၁၅)ဦး ရှိပါကြောင်း၊ စာဖြေသူဦးရေ များပြားလာသည့် အတွက် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလက်စွဲနှင့်အညီ စာစစ်ဌာနများ လျာထားစီစဉ်ရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်အသုံးပြုနိုင်သော ကျောင်းများစာရင်းနှင့် စာဖြေသူ ကျောင်းသား ကျောင်းသူဦးရေ အများဆုံးနေရာ ချထားဖြေဆိုမည့် စာရင်းပြုစုခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ်အဖြစ် ဖွင့်လှစ်ခွင့်ပြုရန် တင်ပြခြင်း၊ စာမေးပွဲကြပ်ခြင်း ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ တာဝန်ပေးခန့်ထားခြင်း၊ စာမေးပွဲစစ်ဆေးသည့်ကာလ ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁)ခုတွင် တစ်နေ့တာဆောင်ရွက်ရန် အချိန်ဇယားနမူနာများပြုစုခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ ဆောင်ရွက်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဝင်ခွင့်ကတ်ပြားဆိုင်ရာ ညွှန်ကြားချက်များ၊ စာမေးပွဲမကျင်းပမီ၊ ကျင်းပစဉ်၊ ကျင်းပပြီးဆောင်ရွက်ရန် လုပ်ငန်းများ၊ စာမေးပွဲခန်း၊ ပြင်ပ၊ လက်ထောက်ကြီးကြပ်ရေးမှူး ဆောင်ရွက်ရန်လုပ်ငန်းများ၊ စာမေးပွဲလုပ်ငန်း အတွေ့အကြုံများ ဆွေးနွေးပြောကြားခြင်းတို့ကို ဆွေးနွေးကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်မြို့တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့အထိ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ(၂၇)ရက်မှ (၂၉)ရက်နေ့အထိလည်းကောင်း၊ နေပြည်တော်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ (၂)ရက်နေ့အထိလည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်း၌ဖွင့်လှစ်သည့် ကျောင်းအုပ်ကြီး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉/၂၀၁၉)မှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ မူလတန်းကျောင်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အခက်အခဲများအား ဖြေရှင်းပေးနိုင်ရန် အမေးအဖြေများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။












No comments:

Post a Comment