Friday, August 11, 2017

ပြည်ထောင်စုဝန်ကြီး မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ၂၀၁၇ သြဂုတ်  ၁၀


        မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီတွင်  မန္တလေးတက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

        ရှေးဦးစွာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ ဘက်စုံပညာသင်ယူ နိုင်ရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးနေသလို ကျောင်းသားကျောင်းသူများ အချင်းချင်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့် အနာဂတ်ကိုရှေးရှု၍ တိုင်းပြည်အကျိုး သယ်ပိုးရွက်ဆောင်နိုင်ရန် ရည်ရွယ်ကာ ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနေပါကြောင်း၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဖြစ်ခဲ့သော အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်းက ကျောင်းသားများ၏ ဝတ္တရားများနှင့်ပတ်သက်ပြီး မန္တလေးသူရိယ အထူးစာစောင်တွင် ယနေ့လူငယ်တွေဟာ အနာဂတ်ကိုပိုင်ဆိုင်သူများဖြစ်လို့ မိမိကိုယ်တိုင် အဖက်ဖက်က တိုးတက်အောင် ကြိုးစားပြီး တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အချင်းချင်းပူးပေါင်းဆောင်ရွက် လိုပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ ကျောင်းသားကျောင်းသူများရဲ့ အစဉ်တိုးတက်မှုကို အမြဲလေ့လာသင်ယူ နေရမှာဖြစ်ကြောင်းကို တိုက်တွန်းရေးသားခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား သမဂ္ဂရုံးခန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သည့်အတိုင်း အနာဂတ်ကိုပိုင်ဆိုင်သော ကျောင်းသားကျောင်းသူများ အနေဖြင့် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားပြီး တိုင်းပြည်၏ ကောင်းကျိုးသယ်ပိုးနိုင်ရန်နှင့် နိုင်ငံတကာတွင်ရှိသော လူငယ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်များဖြစ်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာသင်ယူနေသည့် ကျောင်းသားများ၏ အဖွဲ့အစည်းများရှိကြပြီး တက္ကသိုလ်ကျောင်းသားအချင်းချင်း ပူးပေါင်းကာ သင်ယူနေသည့်ဘာသာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများသည်လည်း အချင်းချင်းတွေ့ဆုံ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းသားသမဂ္ဂရုံးခန်းကို ဖွင့်လှစ်ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဘွဲ့ရရှိသွားသည့် အခါတွင်လည်း နိုင်ငံတကာတွင်ရှိသော လူငယ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်များအဖြစ် ကျရာအခန်းကဏ္ဍဍမှ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်အတွက် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

        ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားသည်။

        ထို့နောက် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်း ဖွင့်လှစ်ပွဲ အမှတ်တရ ပစ္စည်းများ ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment