ပညာရေးဝန်ကြီးဌာန၊ ၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာကဏ္ဍဍ ပထမအကြိမ် မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာတင်အောင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရည်အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထူးချွန်ထက်မြက်ပြီး အခက်အခဲနှင့် စိန်ခေါ်မှုကိုရင်ဆိုင်နိုင်သော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ ပေါ်ထွက်လာရေးအတွက် ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော အရေးကြီးသည့် အရည်အသွေးတစ်ရပ်မှာ ဘာသာစကား စွမ်းရည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် အင်္ဂ္လိပ်ဘာသာ စကားစွမ်းရည် ပြိုင်ပွဲများ ကျင်းပပေးခဲ့သလို ယခုနှစ်ကစပြီး မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲကို ပထမအကြိမ်စတင်ကာ စဉ်ဆက်မပြတ် ကျင်းပနိုင်လာမည်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ တိုးတက်ထွန်းကားမှုနှင့်အတူ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အသိပညာနှင့် နည်းပညာဖလှယ်မှုများ မြန်ဆန်လွယ်ကူလာသည်နှင့်အမျှ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများကိုလည်း မလွဲမသွေရင်ဆိုင်ကြုံတွေ့ ကြရမည်ဖြစ်ကြောင်း၊ မြန်မာဘာသာစကားသည် မြန်မာနိုင်ငံအတွက် ရုံးသုံးဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ပထမအကြိမ် မြန်မာဘာသာစကားစွမ်းရည် ပြိုင်ပွဲတွင် အရေးစွမ်းရည်၊ အပြောစွမ်းရည်၊ အရွတ်အဖတ်စွမ်းရည်ဖြစ်သော စွမ်းရည်သုံးရပ်အတွက် ပြိုင်ပွဲပေါင်း (၆) မျိုး ပါဝင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းအဆင့်ပြိုင်ပွဲ၊ ဦးစီးအဆင့်ပြိုင်ပွဲများ အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ယခုဗဟိုအဆင့်သို့ ရောက်ရှိလာကြရသောကြောင့် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားယှဉ်ပြိုင် အားထုတ်မှုကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုပြိုင်ပွဲသည် ကျောင်းသား ကျောင်းသူများ၏ အမိမြန်မာစာ၊ မြန်မာဘာသာ စကားစွမ်းရည်ကို တရားမျှတစွာယှဉ်ပြိုင်၍ ဖော်ကျူးပြသနိုင်သည့်ပွဲဟု ဆိုရမည်ဖြစ်ပါကြောင်း၊ နောင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူအားလုံးကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ကျင်းပပေးသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့်မှာကြားသည်။ ထို့နောက် အဆင့်မြင့်ပညာကဏ္ဍဍပထမအကြိမ် မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများသည် အပြောစွမ်းရည် ကျပန်းစကား ပြောပြိုင်ပွဲ၊ အပြောစွမ်းရည် စကားရည် လုပြိုင်ပွဲများကိုအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment