၂၀၁၇-၂၀၁၈ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ မုဒိတာခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် အလွန်အရေးပါသော ပညာရေးလုပ်ငန်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးကို အထူးဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ အရည်အသွေးရှိသည့် ကျောင်းပညာရေးကို သင်ယူခွင့် အခွင့်အရေးရရှိရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျောင်းအဆင့်တိုးပေးခြင်း၊ ကျောင်းသား ဦးရေများ တိုးပွားလာသည့်အတွက် လိုအပ်သည့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ ကျောင်းဆောင်များ၊ သင်ထောက်ကူပစ္စည်းများကို ခွင့်ပြုဘဏ္ဍဍာငွေများပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းသို့ ကျောင်းအဆင့်တိုးခြင်း၊ သင်ယူမှုအခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယမန်နှစ်ပညာသင်နှစ်တွင် ကျောင်းသား ဦးရေ(၃)သိန်းနီးပါး တိုးတက်လာပါကြောင်း၊ ယခုနှစ်တွင် Grade 1 အတွက် ကျောင်းသုံးဖတ်စာအုပ် ရေးသားပြုစုခြင်းကို JICA နှင့်ပူးပေါင်းဆောင်ရွက်ပြီး လာမည့်နှစ်တွင် Grade 2 ကျောင်းသုံးဖတ်စာအုပ်အသစ်များကို သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်း အခြေခံပညာသင်ယူပြီးမြောက်ရမည်ဖြစ်ပြီး မူလတန်းနှင့်အလယ်တန်းပညာကို ဆက်လက်သင်ယူရမည် ဖြစ်ပါကြောင်း၊ အလယ်တန်းပညာသင်ယူ ပြီးမြောက်ပြီး သက်မွေးပညာသင်တန်းကျောင်းများမှ ကျွမ်းကျင်မှုရရှိမှသာ ကျွမ်းကျင်မှုနှင့်ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး အုတ်စီသင်တန်း၊ သံချည်သံကွေးသင်တန်း၊ ဝါယာရိန်းသင်တန်း၊ အပ်ချုပ်သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်များတွင် ဒေသလိုအပ်ချက်များကို အထောက်ကူပြုမည့် လူငယ်မောင်မယ်များကိုပြုစုပျိုးထောင်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ က ကျောင်းပြင်ပမူလတန်းပညာရေး အကောင်အထည်ဖော်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းအထွေထွေအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှု ကော်မတီတာဝန်ပေး အပ်လွှာများကိုပေးအပ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကျောင်းပြင်ပပညာရေးတွင် သင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များနှင့်ခဲတံများပေးအပ်ရာ ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်အောင်မြင်ပြီး အလယ်တန်းပညာ ဆက်လက်သင်ယူနေသော ကျောင်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းများသို့ ရောက်ရှိပြီး စာသင်ခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment