Saturday, August 12, 2017

ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ရှိ တရုတ်-မြန်မာချစ်ကြည်ရေး တက္ကသိုလ်အဆောင် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၂၀၁၇ သြဂုတ် ၁၁

        တရုတ်-မြန်မာချစ်ကြည်ရေး တက္ကသိုလ်အဆောင် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲတွင် မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ရှိ အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပသည်။

        အခမ်းနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတိုင်းဒေကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး HE.Mr.HongLiang နှင့်အဖွဲ့များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

        ရှေးဦးစွာတရုတ်-မြန်မာချစ်ကြည်ရေး တက္ကသိုလ်အဆောင်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့တမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး HE.Mr.HongLiangနှင့်ဇနီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်၊ မြန်မာ-တရုတ်ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းမှ Mr.Li Bo Boတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

        ယင်းနောက် တက္ကသိုလ်အဆောင် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထို့နောက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး HE. Mr. Hong Liang တို့က အဖွင့်အမှာစကား ပြောကြားကြ သည်။ ယင်းနောက် သံအမတ်ကြီးက တရုတ်-မြန်မာချစ်ကြည်ရေး တက္ကသိုလ်အဆောင်နှင့် ပတ်သက်သော စာရွက်စာတမ်းနှင့် ပညာရေးထောက်ပံ့ငွေ (Scholarship)တို့ကို ပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က လက်ခံရယူပြီး အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တရုတ်-မြန်မာချစ်ကြည်ရေး တက္ကသိုလ်အဆောင် ဆောက်လုပ်လှူဒါန်းသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး HE.Mr.Hong Liang နှင့် Shan Shui Construction Engineering Co.,Ltd မှ Mr.Li Bo Boတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

        ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန လေကြောင်းနှင့်အာကာသတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအတွက် လိုအပ်နေသည့် နှစ်ထပ်အိပ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပေးပါသော တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူပြည်သားများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေး ပိုမိုအဓွန့်ရှည်ရေး ဆုမွန်တောင်းပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ဤကျောင်းတော်မှ မိမိဝါသနာပါရာ ပညာရပ်များကို ဆည်းပူးပြီး အရည်အသွေးမြင့်သော ဘွဲ့ရလူငယ်မောင်မယ်များဖြစ်အောင် သင်ယူကြစေလိုကြောင်း၊ လုပ်ငန်းခွင်နှင့်ဘဝတွင် ကြုံတွေ့ရသော အခက်အခဲပြဿနာ မှန်သမျှကို အချင်းချင်းပူးပေါင်းကူညီကြပြီး ကြံ့ကြံ့ခံရင်ဆိုင်‌ဖြေရှင်းဆောင်ရွက်နိုင်အောင်နှင့် နိုင်ငံတကာနှင့်ယှဉ်ပြိုင် နိုင်စွမ်းရှိသော လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်းပြောကြားသည်။

        ထို့နောက် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးကာ ကျောင်းသားကျောင်းသူများ ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။














No comments:

Post a Comment