Monday, August 28, 2017

ပညာရေးဝန်ကြီးဌာန ပညာသင်ယူမှုအခွင့်အလမ်းနှင့် အရည်အသွေးမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ပညာသင်ယူမှုအခွင့်အလမ်းနှင့် အရည်အသွေးမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီ ၁၅မိနစ်တွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးသည် ယခင်က နှစ်ပေါင်းများစွာ ခေတ်နောက်ကျကျန်နေခဲ့သည့်အတွက် ပညာသင်ယူမှုအရည်အသွေးမြှင့်တင်နိုင်ရန် ဦးတည်ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့်မြှင့်တင်ရေးဆောင်ရွက်ရာ ကျောင်းပေါင်း(၅၀၉၉)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ပေးသည့်အတွက် ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀ဝ၇-၂၀ဝ၈ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူစုစုပေါင်း (၇၇၇၆၂၀၄)ဦးရှိ၍ ၂၀၁၁-၂၀၁၂ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူစုစုပေါင်း (၇၉၉၃၉၅၅)ဦး ရှိပြီး ယခု ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူစုစုပေါင်း (၉၁၈၇၁၈၂)ဦးအထိ တိုးတက်များပြား လာပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းထွက်သူပပျောက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လိုအပ်ချက်များဖြစ်သော ဆရာ၊ စာသင်ခန်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသားဆရာအချိုးမျှတရန် လိုအပ်ပါကြောင်း၊ ပညာရေးအသုံးစရိတ်များကိုလည်း ထိထိရောက်ရောက် အကျိုးရှိရှိသုံးစွဲရန် အရေးကြီးပါကြောင်း၊ မူလတန်း၊ အလယ်တန်းပြီးမြောက်ပါက ဝါသနာနှင့်အရည်အချင်းအရ သက်မွေးကျွမ်းကျင်မှု သင်တန်းများ၊ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်းကို လူသားကောင်းများဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်အောင်၊ တာဝန်ယူတာဝန်ခံတတ်သူများ ဖြစ်အောင်၊ တီထွင်ကြံဆတတ်သူများ ဖြစ်အောင်ဆောင်ရွက်ရန် ‌ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ချက်၊ အခက်အခဲ၊ စိန်ခေါ်မှုများကို ဖြည့်ဆည်းဖြေရှင်းနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးရန် ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက    တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ၂၀၁၈-၂၀၁၉  ဘဏ္ဍဍာရေးနှစ်၊ သင်ယူမှုအခွင့်အလမ်းနှင့် အရည်အသွေးမြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ လျာထားချက်တို့ကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများက  အကြံပြုလမ်းညွှန်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။








No comments:

Post a Comment