Friday, August 4, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာသုတေသနဖိုရမ်သို့တက်ရောက်အဖွင့်အမှာစကားပြောကြား

သိပ္ပံနှင့်နည်းပညာဆိုင်ရာသုတေသနဖိုရမ် ဖွင့်ပွဲခမ်းအနားကို သြဂုတ် (၂) ရက်နေ့၊ နံနက် ၈ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံး အမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ ပညာရှင်များ၊သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် သုတေသနလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်နိုင်ရန် သုတေသနပညာရှင်ဆရာ၊ ဆရာမများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာဆရာမများအနေဖြင့် စာများများဖတ်ကာ ပြည်သူများအတွက် ထိရောက်အကျိုးရှိသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးနှင့် စီးပွားရေးလိုက်လျောညီစွာ အပြန်အလှန်ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် အရည်အသွေးပြည့်မီသောသင်တန်းများ ဖွင့်လှစ်ရန်လိုအပ်မည်ဖြစ်ရာ အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးဥပဒေနှင့်အညီ အားပေးမြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဍဖွံ့ဖြိုးရေးတို့အတွက် အထောက်အကူပြုသော သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနဖိုရမ်တွင် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍဍဆိုင်ရာဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင်နည်းပညာ၊ အီလက်ထရောနစ်နည်းပညာ၊ ဇီဝနည်းပညာ၊ဒြပ်ပစ္စည်းသိပ္ပံနည်းပညာ၊ဓာတုနည်းပညာများ၊ ဆက်စပ်နည်းပညာများအကြောင်း၊ နျူကလီးယားနည်းပညာ၊ ဓာတ်ခွဲခန်းစံချိန်စံညွှန်းနှင့် အရည်အသွေး၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်များအကြောင်းတို့ကို ကျယ်ပြန့်ထိရောက်စွာ ဆွေးနွေးကြပြီး ဦးစားပေးဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းနယ်ပယ်များရွေးချယ် သတ်မှတ်ခြင်းနှင့် SME လုပ်ငန်းများမှ လိုအပ်သော သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် တက္ကသိုလ်များ၊သုတေသနဌာနများ၊ စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွင် ဖိုရမ်တွင် ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။










No comments:

Post a Comment