Friday, August 18, 2017

ဓာတ်ရောင်ခြည်ပေးနည်းပညာအသုံးချ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသော ဓာတ်ရောင်ခြည်ပေးနည်းပညာအသုံးချ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားရာတွင် ဓာတ်ရောင်ခြည်ပေးနည်းပညာ အသုံးပြုမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင်ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အစားအစာ နှင့်စိုက်ပျိုးရေးကဏ္ဍဍ၊ စက်မှုကဏ္ဍဍ၊ ကျန်းမာရေးကဏ္ဍဍနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍဍများ၊ အဆင့်မြင့်ပစ္စည်းများကဏ္ဍဍတို့တွင် စီးပွားဖြစ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများတွင်လည်း  ဓာတ်ရောင်ခြည်ပေး နည်းပညာများကို သုတေသနနှင့် နည်းပညာဖွံ့ဖြိုးမှုများမှတဆင့် စီးပွားဖြစ်လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားဖြစ် လုပ်ငန်းဆောင်ရွက်မှုများ၏ သတင်းအချက်အလက်၊ ဗဟုသုတနှင့် လုပ်ငန်းအတွေ့အကြုံများကို လက်ကမ်းမျှဝေဆွေးနွေးတင်ပြခြင်းဖြင့် နိုင်ငံအတွင်း ဓာတ်ရောင်ခြည်ပေး နည်းပညာများ ပိုမိုအသုံးပြုနိုင်ရေးအတွက် အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အသင်းဝင်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနည်းပညာ ကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဓာတ်ရောင်ခြည်ပေးနည်းပညာအသုံးချခြင်းဆိုင်ရာတို့ကို ကျယ်ပြန့်ထိရောက်စွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။





No comments:

Post a Comment