ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း လွန်ကျောင်း(ရွာသစ်)တွင် ဂျပန် နိုင်ငံပြည်သူလူထုမှ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဆောင်သစ်များဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောစ်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.Takeshi Higuchi နှင့် မြန်မာနိုင်ငံဆိုင်ရာ Japan International Cooperation Agency မှ ဌာနေကိုယ်စားလှယ် Mr.Kallchiro Nakazawa တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဂျပန်နိုင်ငံသံရုံး (EoJ)အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်း၊ JICs အဖွဲ့အစည်း အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်း၊ အခြေခံပညာဦးစီးဌာန၏အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအစိုးရ၏ ကူညီထောက်ပံ့မှု ဂျပန်ယန်း(၅)ဘီလီယံအနက် ဂျပန်ယန်း ၁ ဒသမ ၅ ဘီလီယံအား အခြေခံပညာဦးစီးဌာနနှင့် JICA ကိုယ်စားပြု ယာချီအို အင်ဂျင်နီယာအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပထမအကြိမ် နှင့် ဒုတိယအကြိမ်အဖြစ် အခြေခံပညာ ကျောင်း(၈၄)ကျောင်း တည်ဆောက်ခြင်းဆောင်ရွက်နေပြီး အခြေခံပညာဦးစီးဌာနနှင့် JICA ကိုယ်စားပြု ယာချီအို အင်ဂျင်နီယာအဖွဲ့တို့ပူးပေါင်း၍ တတိယအကြိမ်အဖြစ် အခြေခံပညာကျောင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ၈၄ ကျောင်းအနက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အခြေခံပညာမူလ တန်းလွန်ကျောင်း(ရွာသစ်) ဆောက်လုပ်ရန်အတွက် အခြေခံပညာဦးစီးဌာနနှင့် JICA ကိုယ်စားပြု ယာချီအို အင်ဂျင်နီယာအဖွဲ့တို့ပူးပေါင်း၍ ဗျာလ္လသုခဆောက်လုပ်ရေးကုမ္ပဏီ အားရွေးချယ်ပြီး၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ အခြေခံပညာဦးစီးဌာန အနေဖြင့်လည်း အဆိုပါကျောင်းရှိ Chain Link ခြံစည်းရိုးပြုလုပ်ခြင်း၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းများခင်းခြင်း၊ ဂါလံ(၄၀ဝ)ဆံ့ ရေစင်နှင့်ဆက်စပ်ပစ္စည်း များပံ့ပိုးခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အချိန်အခါတွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း လွန်ကျောင်း(ရွာသစ်)မှာ ပြီးစီးပြီ ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ဘေးကင်းလုံခြုံသော စံချိန်စံညွှန်းပြည့်မီသော ကျောင်းအဆောက်အအုံများပေါ်လာရေးအတွက် ပညာရေးဝန်ကြီးဌာန၏လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးမြှင့်တင်မှုဆိုင်ရာ အစီအစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်အချိန်တွင် ပညာရေးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေသည့် ရုပ်ပိုင်းဆိုင်ရာများ၊ သင်ရိုးညွှန်းတမ်းမြှင့်တင်ရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးကူညီပေးသည့် ဂျပန်ပြည်သူလူထုနှင့်ဂျပန်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.Takeshi Higuchi က နှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းဆောင်သစ်များကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပညာရေးမှူး ဦးဘသိန်းက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး.E.Mr.TTakeshi Higuchi ကို အမှတ်တရလက်ဆောင်ပေးအပ်ပြီး ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း ရွာသစ်ကျောင်းအုပ်ဆရာကြီးက ကျောင်းဆောင်ဆောက်လုပ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
No comments:
Post a Comment