Monday, January 22, 2018

၂၀၁၆-ခုနှစ်အတွက် စာပေတစ်သက်တာဆု၊ စာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သော ပညာရေးဝန်ကြီးဌာနဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ







ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၂၁

အမျိုးသားစာပေဆုများကို နိုင်ငံတော်ကချီးမြှင့်ခြင်းသည် အမျိုးသား အမွေအနှစ်အဖြစ် ကျန်ရစ်စေမည့် စာကောင်းပေမွန်များ ထွန်းကားပွား များလာစေရေးနှင့် “အလိမ္မာစာမှာရှိသည်”ဟူသော ဆိုရိုးစကားနှင့်အညီ စာကောင်းပေမွန်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေနိုင်သော မောင်းနှင်အားဖြစ် လာစေရေးအတွက်ဖြစ်ကြောင်း တက္ကသိုလ်စိန်ရတုခန်းမတွင် ယနေ့ကျင်းပ သော၂၀၁၆-ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရ ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် တိုးတက်သောနိုင်ငံဖြစ်လိုလျှင် နိုင်ငံသားအားလုံး စာဖတ်ကြဖို့လိုအပ်ပြီး စာဖတ်ရန် စာကောင်းပေမွန်များ လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များ စာမေးပွဲအတွက် အလွတ်ကျက်မှတ်ခြင်းမှ ဆက်စပ်တွေးခေါ်သည့် စွမ်းရည်မြင့်မားရန်အတွက် စာများများ ဖတ်ရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်များတွင် စာအုပ်များဖြည့်ဆည်းရန် လိုအပ်ကြောင်း၊ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန် နိုင်ငံတော်အနေဖြင့် ကလေးစာပေပွဲတော်များ ကျင်းပပေးလျက်ရှိကြောင်း၊ နိုင်ငံတကာစာအုပ်များ၊ သုတေသနစာတမ်းများ ဖတ်ရှုနိုင်ရန်အတွက် အင်္ဂ္လိပ်ဘာသာစကား အရည်အသွေး မြင့်မားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစာပေ စာကောင်းပေမွန်များ ပေါ်ထွန်းလာရေးကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်မည့် စာကောင်းပေမွန်များကိုလည်း အားပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ “စာပေမြင့်မှလူမျိုးတင့်မည်” ဆိုသော ဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အပေါ် သစ္စာစောင့် သိသော၊ ဥပဒေကိုလေးစား လိုက်နာသော၊ ယဉ်ကျေးမှုကိုထိန်းသိမ်းသော၊ ကိုယ်ကျင့် တရားကောင်းသော လူမျိုးများဖြစ်လာအောင် စာပေကဦးဆောင်ပဲ့ပြင် ထိန်းကျောင်းနိုင်ခဲ့သည်ကို ခေတ်အဆက်ဆက်တွင် သာဓကများစွာတွေ့မြင်နိုင်ကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည် နိုင်ငံတော် တည်ဆောက်ရေးတွင် ပဓာနကျသဖြင့် ပညာတတ်လူတော် လူကောင်းများ မွေးထုတ်ပေးရသော ပညာရေးဝန်ထမ်းများထဲမှ နိုင်ငံတော်အဆင့် စာပေဆုများနှစ်စဉ် ရရှိလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းခဲ့သော၊ တာဝန်ထမ်းဆောင် လျက်ရှိသော ပညာရေးဝန်ထမ်းများက ၂၀၁၆ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု(၁)ဆု၊ အမျိုးသားစာပေဆု(၄)ဆုနဲ့ စာပေဗိမာန်ဆု(၇)ဆု ရရှိသည်ကို ဂုဏ်ယူပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ယဉ်ကျေးလိမ္မာသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ စည်းကမ်း လိုက်နာသော၊ ဇာတိမာန်နိုးကြားသော၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်သော၊ ဗဟုသုတကြွယ်သော၊ အတွေးအခေါ်ရင့်ကျက်သော၊ ဆက်စပ်တွေးခေါ်တတ်သော၊ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော နိုင်ငံ့သားကောင်းရတနာမွန်များကို စာပေပညာရှင်ကြီးများက မိမိတို့၏ကလောင်စွမ်းအားဖြင့် ဆက်လက်ပြီးပြုစု ပျိုးထောင်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ဆုရရှိသူများ ကိုယ်စား မဟာသဒ္ဓမ္မဇောတိကဓဇ စည်သူဘွဲ့ရ အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးဒေါက်တာ ခင်မောင်ညွန့်က ကျေးဇူးတင် စကားပြောကြား၍ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

No comments:

Post a Comment