Wednesday, January 10, 2018
၂၀၁၇ -၂၀၁၈ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကျင်းပ
နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၉
၂၀၁၇-၂၀၁၈ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၉-၁-၂၀၁၈ရက်နေ့ နံနက်၇:၃၀နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီဝင် ပညာရေးတာဝန်ခံဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး၊ ခရိုင်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ ကျောင်သားကျောင်းသူများမိဘအုပ်ထိမ်းသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ပညာရေးတာဝန်ခံဦးတင်ထွန်း၊ နေပြည်တော်ကောင်စီဝင်ဦးတင်ထွဋ်၊ အခြေခံပညာဦးစီးဌာနခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးနှင့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် အထက(ခွဲ)၊ အလက(၃) ကျောင်းသားကျောင်းသူများက ဖဲကြိုးအကဖြင့်လည်းကောင်း နေပြည်တော် ကျောင်းပေါင်းစုံမှ အဆင့်မြင့်အေရိုးဗစ်အကဖြင့်လည်းကောင်း ပျဉ်မနားအထက(၃) ကျောင်းသား ကျောင်းသူများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊ ဇေယျာသီရိမြို့နယ်အထက(၁) ကျောင်းသား ကျောင်းသူများက ဘင်ခရာနှင့်ပန်းပွားအကဖြင့်လည်းကောင်း ကပြဖျော်ဖြေကြရာ တက်ရောက်လာကြသည့်ဒုတိယဝန်ကြီးနှင့် အဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများက တခဲနက်အားပေးကြည့်ရှုကြသည်။ ယင်းနောက် ပညာရေးစုံညီပွဲတော်ပြခန်းအတွင်း ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထိုမှတဆင့် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အထက(၁)တပ်ကုန်းကျောင်းသား ကျောင်းသူများက "စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့အခမ်းအနားသည် ကျောင်းသားကျောင်းသူများ၏ အားကစားအနုပညာ၊ အိမ်တွင်းမှုလက်ရာစသည့် ကာယဉာဏစွမ်းရည်များကို ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ မိဘများပူးပေါင်းပြီး စုံစုံညီညီဖော်ထုတ်သည့်ပွဲဖြစ်ပါကြောင်း စုံညီပွဲတော်တွင်ပါဝင်ကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိဘဆရာများကအားကိုးရပြီး နိုင်ငံတော်က အားထားရသည့် သားကောင်းသမီးမွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုပါကြောင်း စသည်ဖြင့်အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ပညာရေးတာဝန်ခံဦးတင်ထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများကဆုချီးမြင့်ကြပြီး ကျောင်းသား၊ ကျောင်သူများကတေးသရုပ်ဖော်အကဖြင့် ကပြဖျော်ဖြေကြကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment