Saturday, January 20, 2018
၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစတင်
ကျိုင်းတုံ ၂၀၁၈ ဇန်နဝါရီ ၁၉
၂၀၁၈ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံ စာတတ် မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ရှမ်းပြည်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လုပ်အားပေး ဆောင်ရွက်ကြမည့် ဒေသခံပြည်သူများနှင့် ပညာရေးမိသားစုများ တက်ရောက်ကြသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာ ၁၉၆၄ ခုနှစ်ကစတင်ခဲ့သော ပြည်သူ လူထုကို အခြေပြုသည့် စာတတ်မြောက်ရေး လှုပ်ရှားမှုအား ခေတ်အဆက်ဆက် အလေးထား ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်များတွင် ကုလသမဂ္ဂ လက်အောက်ခံ ယူနစ်စကိုအဖွဲ့ကြီးကချီးမြှင့်ခဲ့သော မိုဟာမက်ရီဇာပါလာဗီဆု နိုမာဆုများသည် မြန်မာနိုင်ငံ စာတတ်မြောက်ရေး လုပ်ငန်းတွင် ပြည်သူနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့မှုကြောင့် ရရှိခဲ့သော အောင်မြင်မှုမှတ်တမ်းများ ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ရေး အလေးထား ဆောင်ရွက်နေပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့်ကျောင်းမနေဖူးသူများ ကျောင်းနေအရွယ်လွန်သူများ သက်ကြီးစာမတတ်သူများအတွက် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းများကို ကျောင်းပြင်ပ ပညာရေးလုပ်ငန်းစဉ် တစ်ခုအနေဖြင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသည် စာမတတ်သူများ ဖြစ်ကြပြီး ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာ မတတ်မြောက်သူ ၃၅ ဒသမ ၄ရာခိုင်နှုန်းရှိနေပါကြောင်း ယခုအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် ကျိုင်းတုံခရိုင် မြို့ပြ/ကျေးလက်စာတတ် မြောက်မှုရာခိုင်နှုန်းမှာ မြို့ပြတွင်(၇၄.၆)နှင့် ကျေးလက်တွင် (၂၉.၈)ဖြစ်ပြီး မိုင်းဖြတ်ခရိုင်တွင် မြို့ပြ(၆၄.၉)နှင့် ကျေးလက်တွင်(၃၃.၁)ရာခိုင်နှုန်း ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန မှတ်တမ်းများအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံပညာကဏ္ဍဍတွင် ၂၀ဝ၆-၂၀ဝ၇ပညာသင်နှစ်၌ သူငယ်တန်းကျောင်းသား (၁၀ဝ၀)ဦးတက်ရောက်ပါက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်Grade-11 သို့ (၁၆၆)ဦးခန့်သာရောက်ရှိကြပြီး (၂၈)ဦးနှုန်းခန့် အောင်မြင်သဖြင့် (၁၀ဝ၀)မှာ (၅)ယောက်နှုန်းသာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်ကို တွေ့မြင်ရပါကြောင်း၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR) အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးငယ်ပေါင်း(၂.၇)သန်းသည် အခြေခံပညာ ကျောင်းထွက်သွားကြသူများ ဖြစ်ပါကြောင်း၊ ဤအခြေအနေများကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်း၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း ယခင် နွေရာသီကာလက ဧပြီလနှင့် မေလတွင်သာ တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါတွင် တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် နှစ်စတွင်ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် သင်ယူသူ (၂၁၈၀)ကျော်အား နည်းပြ၊ ကြီးကြပ်(၃၈၈)ဦးတို့က ဇန်နဝါရီလ (၂၀)ရက်မှစ၍ ရက်ပေါင်း (၄၀)အတွင်း တစ်ရက်လျှင် ပျှမ်းမျှ သင်ယူချိန်(၃)နာရီနှုန်းဖြင့် နာရီပေါင်း(၁၂၀)ကြာ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို သင်တန်းတက်ပြီးသည့် ဒေသခံ လုပ်အားပေးပြည်သူများ အခြေခံပညာဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၏ ပူးပေါင်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းစသည်ဖြင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာဇော်ဝင်းက အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်း၊ ဘဏ္ဍဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့က ကျိုင်းတုံမြို့ပေါ်ရှိ တက္ကသိုလ်ကောလိပ်များနှင့် အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ဆရာဆရာမများက လက်ခံရယူပြီး ဖွင့်ပွဲအခမ်းအနားအပြီး၌ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်အဖွဲ့သည် အခြေခံပညာ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ အခြေခံပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးကို လက်တွေ့ကျကျဖြည့်ဆည်း အကောင်အထည်ဖော် နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး အကြံပြုခြင်းတို့ကို ညနေ(၄)နာရီတွင် အဆိုပါ မြို့တော်ခန်းမ၌ ကျင်းပသည်။ အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌဌ်ခန်းမ၌ ကျိုင်းတုံတက္ကသိုလ် အစိုးရနည်းပညာ အထက်တန်းကျောင်း နည်းပညာတက္ကသိုလ် ကွန်ပျုတာတက္ကသိုလ် ပညာရေးကောလိပ်များမှ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ ဆရာဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ သုတေသန၊ စီမံခန့်ခွဲရေး လုပ်ငန်းများ ထိရောက် ပွင့်လင်းမြင်သာစွာနှင့် ဒေသအကျိုးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး မေးမြန်းအကြံပြုခဲ့ကြသည်။ ယင်းနောက် နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများနှင့်တွေ့ဆုံကာ ဒေသအကျိုးပြုလုပ်ငန်း သုတေသနစာတမ်းများ ပြုစုကြရန် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြင့်မားရေး မွန်းမံသင်တန်းများဖွင့်လှစ်ဆောင်ရွက်ရန် အင်္ဂ္လိပ်စာ အရည်အသွေး ICT အရည်အသွေးများတိုးတက် ကောင်းမွန်အောင် ကြိုးစားကြရန် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတက်ရေး စဉ်ဆက်မပြတ် သင်ကြားသင်ယူ လေ့ကျင့်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment