Thursday, January 11, 2018
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့များတွေ့ဆုံ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာ ယခုကဲ့သို့ တွေ့ဆုံခြင်းသည် ပညာရေးကဏ္ဍဍ ပြုပြင်ပြောင်းလဲမှုတွင် အဓိကဖြစ်သည့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲ ရေးဆွဲရေးအတွက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ တွင် (၅)နှစ်အရွယ် ကလေးတိုင်း KG ကျောင်းအပ်လက်ခံပါကြောင်း၊ ယခုပညာသင်နှစ် ၂၀၁၇-၂၀၁၈ တွင် (၆)နှစ်အရွယ် ကလေးများ Grade-1 သင်ရိုးသစ်တွင် ကျောင်းအပ်လက်ခံခဲ့ပါကြောင်း၊ ယခုနှစ် Grade-1 ကျောင်းသား ကျောင်းသူ ကလေးငယ်များအားလုံး သည် ၂၀၁၈-၂၀၁၉ တွင် Grade-2 သင်ရိုးသစ်ဖြင့် သင်ယူရမည် ဖြစ်ပါကြောင်း၊ ကျန်အတန်းအားလုံး၏ ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာ ဆရာမ လက်စွဲ သင်ရိုးညွှန်းတမ်းများ အားလုံးကို ၂၀၂၂-၂၀၂၃ တွင် အပြီးရေးဆွဲမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၁၁ တန်း ပညာရေးမှ KG+12 ပညာရေးကို ပြောင်းလဲရာတွင် လက်ရှိ ၂တန်း တိုးလာသော ကျောင်းသား အရေအတွက်နှင့် ကိုက်ညီသော ဆရာ ဆရာမ တိုးမြှင့်ခန့်ထားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းထွက်နှုန်း မြင့်မားခြင်းကြောင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီပြီး သွားလာရေး ခက်ခဲသော နေရာများတွင် ကျောင်းအဆင့် တိုးခြင်းများကို တိုးမြှင့်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲသူများအနေဖြင့် ကျောင်းသုံးဖတ်စာအုပ်များကို ရေးဆွဲရာတွင် မြေပြင်ပေါ်တွင် ကြုံတွေ့နေရသည့် ဆရာ၊ စာသင်ခန်း၊ စာသင်ချိန် စသည်တို့နှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍဍတွင် အခြေခံပညာကဏ္ဍဍ မူလတန်းပညာရေးသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ Grade1, Grade2, Grade3 ကျောင်းသားကျောင်းသူအားလုံးကို ဆရာ ဆရာမများက စာဖတ်နိုင်ရန်၊ စာရေးနိုင်ရန်၊ အခြေခံသင်္ချာတွက်နိုင်ရန် သင်ကြားသင်ယူ လေ့ကျင့်ပေးပါက တစ်သက်လုံးအတွက် စာရေးနိုင် စာဖတ်နိုင် တွက်ချက်နိုင်မည် ဖြစ်ပါကြောင်း၊ ဘာသာရပ် သင်ကြားပို့ချသူများ အနေဖြင့် အထူးပြုဘာသာရပ်နှင့် သင်ကြားသည့် ဘာသာရပ် ကိုက်ညီမှုရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများအား အရည်အသွေး ပြည့်မီသော သင်ကြားသင်ယူမှု နည်းစနစ် သင်တန်းများ ပေးရန်လိုအပ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 ဖတ်စာအုပ်သစ်များအတွက် မူလတန်းပြ ဆရာ ဆရာမများ အားလုံးကို သင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ဆရာ ကျောင်းသား အချိုးမျှတရေး၊ စာသင်ခန်းလိုအပ်ချက်များ ဖြည့်ဆည်းရေးတို့ကို စီမံကိန်းများ ရေးဆွဲပြုစု၍ အလေးထားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပြင်ပေါ်မှ အခက်အခဲများကို မကြည့်ဘဲ ဆောင်ရွက်ပါက ပိုမိုခက်ခဲသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် လက်တွေ့မြေပြင်ပေါ်မှ လိုအပ်ချက်များနှင့်လည်း လိုက်လျောညီထွေ မျှတမှုရှိရန် အရေးကြီးပါကြောင်း၊ ကျောင်းသုံး ဖတ်စာအုပ်များတွင် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးနှင့် ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့်ပတ်သက်သော ပညာရေး အသိပညာများကိုလည်း ပေးရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ကျောင်းသုံးဖတ်စာအုပ်များတွင် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများ ဖြစ်စေရန်၊ အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ တီထွင် ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးနိုင်ရေး ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊ လက်ရှိသင်ရိုးညွှန်းတမ်း ရေးဆွဲသူများအနေဖြင့် လက်ရှိအခြေအနေ များနှင့် လိုက်လျောညီထွေဖြစ်၍ အရည်အသွေးကောင်းသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန် အလေးအနက်ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဝင် များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့များ အနေဖြင့် အားလုံးဝိုင်းဝန်း ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြစေလိုကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပညာမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု အစီအစဉ် တင်ပြချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်း အကြံပြုကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအား ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲများ ရိုက်ကူးထုတ် လွှင့်ခြင်း စသည့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အရည်အသွေး နှင့် လိုက်လျောညီထွေရှိရေးတို့အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment