Tuesday, January 16, 2018

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် Credit Transfer Systems အား အဆင့်မြင့်ပညာကဏ္ဍဍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များတွင် ကျင့်သုံးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ









နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၁၅

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် Credit Transfer Systems အား အဆင့်မြင့်ပညာ ကဏ္ဍဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင့်သုံးနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် (၉)နာရီ၌ နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍဍကြီး (၃) ရပ်ဖြစ်သော အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး နည်းပညာနှင့် သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍဍအားလုံးတွင် အချိုးညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍတွင် ကမ္ဘာတစ်ဝှမ်းလုံးနှင့် ပညာရေးပူးပေါင်း ဆောင်ရွက်မှု ၊ ပညာရေးကူးလူးဆက်ဆံမှုများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Academic Credit System သည် အဓိက အခန်းကဏ္ဍဍမှ ပါဝင် လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာ ကဏ္ဍဍဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင်လည်း Academic Credit Transfer Systems နှင့်ပတ်သက်၍ တင်ပြခဲ့ပါကြောင်း၊ Academic Credit Transfer Systems သည် ကျောင်းသားများနှင့် တက္ကသိုလ်များအတွက် ဒေသတွင်း သော်လည်းကောင်း၊ နိုင်ငံတကာနှင့် သော်လည်းကောင်း ပညာရေးကူးလူးဆက်ဆံရာတွင် အဆင်ပြေချောမွေ့စွာ ချိန်ညှိနိုင်စေရန် မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူး၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Taiji Hotta တို့က အမှာစကား ပြောကြားကြသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Taiji Hotta ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment