Thursday, April 18, 2019

နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ သက်ဆိုင်ရာဌာနအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို TV Program ရိုက်ကူးနိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၁၁ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍတွင် သက်ဆိုင်ရာဌာန အသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို TV Program ရိုက်ကူးနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များမှ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံပုဂ္ဂလိက နည်းပညာနှင့်သက်မွေးပညာသင်ကျောင်းလုပ်ငန်းရှင် များအသင်း (MPTA)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ ရှေးဦးစွာ ပညာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကား ပြောကြားရာတွင် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ပုဂ္ဂလိကတို့မှ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် စကားဝိုင်း ဆွေးနွေးပွဲပုံသဏ္ဌာန်ပြုလုပ်၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်သွားရန်၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအား တာဝန်ယူလျက်ရှိသည့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးအစီအစဉ် များဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများနှင့်ညှိနှိုင်းပြီး TV Program ရိုက်ကူးရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲစကားဝိုင်းများ၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး ဆောင်ရွက်လျက်ရှိသော သိပ္ပံ၊ ကျောင်း၊ သင်တန်းကျောင်းများ၏ ဆောင်ရွက်နေမှု မှတ်တမ်းများ၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးသင်တန်းအသီးသီးမှ ပြီးဆုံး၍ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်နေမှုများအား အလုပ်ရှင်၊ သင်တန်းသားများနှင့် အင်တာဗျူပုံစံများကို သက်ဆိုင်ရာဝန်ကြီးဌာနများရှိ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများနှင့် TV Program များရိုက်ကူးသွားရန်လျာထားကြောင်း၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးသင်တန်းဆိုင်ရာ အချက်အလက်များ ကောက်ယူမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်း၊ ထပ်မံဖြည့်စွက်သင့်သည့် အသေးစိတ်အချက်အလက်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း စသည် ဖြင့် ပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍတွင် သက်ဆိုင်ရာဌာနအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ TV Program ရိုက်ကူးဆောင်ရွက်မည့်အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေသော နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးသင်တန်းဆိုင်ရာ အချက်အလက်များ ကောက်ယူမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၉ ၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ၉၊၄၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် ညောင်ဦးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ၀န်ကြီး ဦးမြတ်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ၊ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာ၀န်ရှိသူများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၀င်များ၊ မန္တလေးတက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်များမှ စေတနာရှင်လုပ်အားပေး ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)မှ ကျောင်းသား ကျောင်းသူများက ”လူတိုင်းအတွက်ပညာရေး” သီချင်းကို သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ နာယက၊ ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကာလ တက္ကသိုလ်ကျောင်းပိတ်ချိန်တွင် အနားမယူဘဲ မွန်မြတ်သည့် စေတနာဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပညာဒါနလုပ်အားပေးကြမည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအား အထူး၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံ၏လူဦးရေ ငါးသန်းကျော်သည် မြန်မာစာအရေး၊ အဖတ်၊ အတွက် တတ်မြောက်မှု မရှိသေးပါကြောင်း၊ လူတိုင်းဘ၀သာယာရေးအတွက် ၀င်ငွေစီးပွားရေးကောင်းမွန်ဖို့ အရေးကြီးပါကြောင်း၊ ၀င်ငွေစီးပွားရေးကောင်းမွန်ဖို့အတွက် အခြေခံအရေး၊ အဖတ်၊ အတွက် တတ်မြောက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာမတတ်မြောက်ခဲ့သူများ စာတတ်မြောက်ရေးအတွက် ယခင်က နွေရာသီကာလများတွင်သာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အားလပ်ချိန်ဖြစ်သည့် ဧပြီ၊ မေ နှင့် အောက်တိုဘာ၊ နို၀င်ဘာလများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကြားကာလများတွင် ဒေသခံစေတနာရှင် လုပ်အားပေးလူငယ်မောင်မယ်များဖြင့် တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယနေ့မှစ၍ ရက်ပေါင်းလေးဆယ်အတွင်း ညောင်ဦးခရိုင်တွင် စာသင်ဝိုင်းပေါင်း (၁၀၆)ဝိုင်းမှ စာသင်သား (၁၀၃၃)ဦးအား မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် တို့မှ စေတနာရှင်လုပ်အားပေး ကျောင်းသားကျောင်းသူ(၂၂၃)ဦးတို့က အခြေခံစာတတ် မြောက်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးညီညီညွှတ်ညွှတ် ဝိုင်း၀န်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၀င် စီမံ/ဘဏ္ဍာ၀န်ကြီး ဦးမြတ်သူက အမှာစကားပြောကြားကာ စေတနာရှင်လုပ်အားပေး ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ် ဆရာ ဆရာမများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား ကျောင်းသူလေးများက “ပုဂံအက” ဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက ဖွင့်ပွဲတွင်ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ယင်းနောက် စာတတ်မြောက်ရေးလှုပ်ရှားမှု Video Clip ပြသပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်၀င်းက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Tuesday, April 9, 2019

၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၈ ၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ၈၊၄၊၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဦးစိုင်းပန်းဆိုင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ ပညာရှင်များ၊ ပညာရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ပါမောက္ခများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်တာ၀န်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၀င်များ၊ တက္ကသိုလ်များမှ စေတနာလုပ်အားပေး ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ၊ သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ မိတ္ထီလာမြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက”စေတနာပန်း လန်းရာမြေ” စာတတ်မြောက်ရေး ဂုဏ်ပြုသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီနာယက၊ ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေး၀န်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို မိတ္ထိလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့ကျင်းပပြီး ညောင်းဦးခရိုင်ဖွင့်ပွဲအား ၉၊၄၊၂၀၁၉ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှု၏ အောင်မြင်မှုရလဒ်အဖြစ် ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုစဟာမက်ရီဇာ ပါလာဗီဆုနှင့် နိုမာဆုများကို ၁၉၇၁ ခုနှစ် ၁၉၈၃ ခုနှစ်များတွင် အသီးသီးရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်-၄- (Suatainable Development Goals- SDG Goal 4) အရ အားလုံးအကျုံး၀င်မျှတပြီး အရည်သွေးပြည့်၀သည့် ပညာရေးနှင့် အားလုံးအတွက် ဘ၀တစ်သက်တာ သင်ယူမှုရရှိရေး အာမခံဆောင်ရွက်နိုင်ရန်အတွက် အင်ချွန်းကြေညာချက်၏ လုပ်ငန်းစဉ်မူဘောင်တွင်ပါရှိသည့် “၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ လူငယ်နှင့် အရွယ်ရောက်သူ အမျိုးသားနှင့် အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့် အတွက် တတ်မြောက်စေရေး” ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီအောင် ပညာရေးမဟာဗျူဟာ စီမံကိန်းများဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တာ၀န်ယူခဲ့သည့် အစိုးရအဖွဲ့များအနေဖြင့် ကမ္ဘာ့ပညာရေးအဖွဲ့ ၀န်ကြီးများညီလာခံမှ ချမှတ်ခဲ့သည့်မှုဘောင်များကို ယူနီဆက် ၊ ယူအင်ဒီပီ၊ ယူနက်စကိုအဖွဲ့နှင့် အခြားသောနိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုတို့ဖြင့် “လူတိုင်းအတွက် ပညာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို အခြားနိုင်ငံများနည်းတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လက်ရှိပြည်သူ့အစိုးရ တာ၀န်ယူပြီးကာလတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan- NESP) ၂၀၁၆-၂၀၂၁ ၏ ရည်မှန်းချက်တွင် ကဏ္ဍတစ်ရပ်အဖြစ်ပါ၀င်သည့် ကျောင်းပြင်ပပညာရေးဖြင့် ကျောင်းသင်ပညာရေးစနစ်တွင် လက်လှမ်းမမှီခဲ့ကြသည့် ကလေးသူငယ်များအတွက် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်တို့ကို နှစ်စဉ်မြို့နယ်များ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနေပါကြောင်း၊ အသက်အုပ်စု ၁၅ နှစ်နှင့်အထက်ရှိသူများအတွက် အရေး၊ အဖတ်၊ အတွက်တို့ကို ဦးတည်သင်ကြားပေးသည့် စာတတ်မြောက်ရေး(အသုံးလုံး) သင်ကြားခြင်း အစီအစဉ်များကို နှစ်စဉ် ခရိုင်၊ မြို့နယ်များ တိုးချဲ့သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတို့တွင် ပြဌာန်းထားသည့်အတိုင်း နိုင်ငံသားတိုင်းအနည်းဆုံး အခြေခံပညာမူလတန်းဆင့် သင်ယူပြီးမြောက်ရမည်ဆိုသည့် ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာများအရ နိုင်ငံလူဦးရေး၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် လူဦးရေ ၅ သန်းကျော်သည် အခြေခံ မြန်မာစာ အရေး၊ အဖတ်၊ အတွက် တတ်မြောက်မှုမရှိသေးသူများ ဖြစ်နေကြတာကို အစီရင်ခံစာများအရ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာနိုင်ငံများနည်းတူ ဖွံဖြိုးမှုအညွှန်းကိန်း တိုးတက်လာရေးအတွက် ဆောင်ရွက်ရာတွင် ပညာရေး၀န်ကြီးဌာနအနေဖြင့် ကျောင်းပညာရေး(Formal Education- FE) လုပ်ငန်းအစီအစဉ်နှင့်အတူ ကျောင်းပြင်ပပညာရေး (Non- Formal Education – NFE ) လုပ်ငန်းအစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနကို ၂၀၁၆- ခုနှစ်မှစတင်ပြီး အသစ်တိုးချဲ့ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့စတင်ဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင် စာတတ်မြောက်ရေးလုပ်ငန်းများတွင် သင်ယူရန်အတွက် စာရင်းပေးသွင်းထားသည့် အသက်အုပ်စု (၁၅)နှစ်နှင့်အထက် သင်ယူသူ (၈၉၄၁) ဦးကို တက္ကသိုလ်/ကောလိပ် အသီးသီးမှ စေတနာလုပ်အားပေးနည်းပြ ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ် ဆရာ ဆရာများပေါင်း (၁၇၃၃) ဦးက ပညာဒါနပြု သင်ကြားပေးကြမှာ ဖြစ်ပါကြောင်း၊ ယခု မိတ္ထီလာခရိုင်အတွင်းမှာ သင်ယူသူ စာသင်သား (၅၇၉၂)ဦးအား စာသင်ဝိုင်းပေါင်း (၅၀၁)ဝိုင်းဖြင့် မိတ္ထီလာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)တို့မှ စေတနာလုပ်အားပေး တက္ကသိုလ်ကျောင်းသား ကျောင်းသူပေါင်း (၁၀၅၂) ဦးတို့က(၁)ရက် ပျမ်းမျှ(၃)နာရီနှုန်း၊ ရက်အားဖြင့်(၄၀)၊ နာရီအားဖြင့် (၁၂၀)ကြာအောင် စာတတ်မြောက်ရေး သင်ကြားပေးခြင်းနှင့်အတူ ဒေသနေပြည်သူများရဲ့လူမှုဘ၀ မြင့်မားတိုးတက်ရေးအတွက် စာသင်ဝိုင်းတည်ရှိရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်အခြေချနေထိုင်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားကြမှာ ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များ အောင်မြင်ရေးအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ပံ့ပိုးပေးရမည့်အစီအမံများကို ရပ်ကွက်/ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအသီးသီးက ထိရောက်သော အစီအမံများချမှတ်၍ ကွက်ကဲပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ပူးပေါင်းညှိနှိုင်းစီမံ ဆောင်ရွက်ပေးကြသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို နိုင်ငံတော်အစိုးရကိုယ်စား ပညာရေး၀န်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဦးစိုင်းပန်းဆိုင်းက အမှာစကားပြောကြားသည်။ ထို့နောက် မိတ္ထီလာပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “တို့အင် တို့အား” သီချင်းဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်၀င်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

အစိုးရနည်းပညာ အထက်တန်းကျောင်း(လွိုင်ကော်) အိတ်ဖွင်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ခြင်း


ပဲခူး၊ မွန်နှင့် မကွေးတို့တွင်(၂)နှစ်တာ၀န်ထမ်းဆောင်မည့် အမေရိကန် စေတနာ့၀န်ထမ်းများ (Peace Corps Volunteers) ကျမ်းသစ္စာကျိန်ဆိုခြင်း ကတိသစ္စာပြု အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၂)နှစ် တာ၀န်ထမ်းဆောင်မည့် အမေရိကန်စေတနာ့၀န်ထမ်းများ (Peace Corps Volunteers) ကျမ်းသစ္စာ ကျိန်ဆိုခြင်း ကတိသစ္စာပြုအခမ်းအနားကို ၅၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ (Summit Parkview Hotel) ဆန်းမစ်ပါခ့်ဗျူးဟိုတယ်ရှိ ခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အမေရိကန်သံရုံး၊ သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးချုပ်များ၊ အမေရိကန်စေတနာ့၀န်ထမ်း(Peace Corps Volunteers) များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အမေရိကန်စေတနာ့၀န်ထမ်း (Peace Corps Volunteers)များက အမေရိကန်နှင့် မြန်မာနိုင်ငံတော် သီချင်းများကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် စီမံကိန်းနှင့်လေ့ကျင့်သင်ကြားရေးဒါရိုက်တာ အက်ဂနက်စ်လမ်(Agnes Lam)၊ လေ့ကျင့်သင်ကြားရေးမန်နေဂျာ ဦးစိုးစံ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြော၍ ပိစ်ကော မြန်မာနိုင်ငံတာ၀န်ခံ ပမ်မလာမာတင်(Pamela Martin,Country Director,Peace Corps) က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အမေရိကန်သံရုံး၊ သံအမတ်ကြီး စကော့မာစီရယ်လ် (Scot Marciel, U.S. Ambassador, U.S. Embassy)က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင် လူထုနှင့်အနီးကပ်ထိတွေ့၍ အင်္ဂလိပ်ကျွမ်းကျင်မှုအတွက် (၂)နှစ်ကြာလေ့ကျင့်သင်ကြားပေးမည့် အမေရိကန်ပြည်ထောင်စုမှ စေတနာ့၀န်ထမ်း (Peace Corps Volunteers)များအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် Peace Corps အဖွဲ့ကြီး၏ ပူးပေါင်းပါ၀င်မှုကို ကျေးဇူးတင်ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာအနေဖြင့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား တစ်သက်တာသင်ယူလေ့လာပြီး အနာဂတ်ကမ္ဘာအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းပေးနိုင်မည့်သူများဖြစ်စေရန် ဆောင်ရွက်လျက်ရှိရာ Peace Corps ၏ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးဟူသော မျှော်မှန်းချက်နှင့် ကိုက်ညီသောကြောင့် အတူပူးပေါင်းလက်တွဲဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ပိစ်ကောစေတနာ့၀န်ထမ်းများက “ကျွန်ုပ်သည်မြန်မာနိုင်ငံသားများနှင့် အတူယှဉ်တွဲပြီးတာ၀န်ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့မှ ပြည်သူလူထုနှစ်ရပ်အကြား ငြိမ်းချမ်းရေးနှင့် ရင်းနှီးချစ်ကြည်မှုပေါင်းကူး တည်ဆောက်ရာတွင် ပါ၀င်ကူညီရန် ကတိပြုပါသည်။ ကျွန်ုပ်သည် နှစ်နိုင်ငံယဉ်ကျေးမှုအကြား နားလည်မှုကို ပြုစုပျိုးထောင်ရာတွင် လေးစားမှု၊ သတိရှိမှုတို့ဖြင့် လုပ်ဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် ဆောင်ရွက်ရမည့်တာ၀န်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ထမ်းဆောင်သွားရန်ကတိပြုပါသည်။ ကျွန်ုပ်သည် Peace Corps စေတနာ့၀န်ထမ်းတစ်ဦးအနေဖြင့် Peace Corps ၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာသမိုင်းကြောင်းကို ဦးထိပ်ထားပြီး ဂုဏ်သိက္ခာရှိမှု၊ တာ၀န်သိမှုအစရှိသော အမြင့်မားဆုံးစံနှုန်းများဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်။’’ဟု စေတနာ့ ၀န်ထမ်းကတိသစ္စာပြုကြသည်။ ပိစ်ကော စေတနာ့၀န်ထမ်းများကိုယ်စား တိုင်လာရှူးစတားရှချ့်(စ်) (Tyler Shustarich), အန်နာဖစ်ရှာ(Anna Fisher)တို့က စေတနာ့၀န်ထမ်းသုံးသပ်ချက်(Volunteer Reflections) များပြောကြားသည်။ ယင်းနောက် ပိစ်ကော စေတနာ့၀န်ထမ်းများက သင်္ကြန်အကဖြင့် ကပြဖျော်ဖြေကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလိပ်ဘာသာစကား သင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအကြိမ်အနေဖြင့် စေတနာ့၀န်ထမ်း(၆)ဦး လာရောက်ခဲ့ ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ဒုတိယအကြိမ်အဖြစ် (၁၆)ဦး လာရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်းတိုင်းဒေသကြီးတို့တွင် အမေရိကန်စေတနာ့၀န်ထမ်း ဆရာ ဆရာမများ လာရောက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အင်္ဂလိပ်စာ သင်ကြားပေးရန်အတွက် အမေရိကန် စေတနာ့၀န်ထမ်း ဆရာ ဆရာမ (၃၂)ဦးအား တာ၀န်မထမ်းဆောင်မီ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို လုပ်ငန်းခွင်ကြို လေးလတာ သင်တန်းပို့ချပေးခဲ့သည်။ ပညာရေး၀န်ကြီးဌာနနှင့် အမေရိကန်စေတနာ့၀န်ထမ်း Peace Corps အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချရေး၊ ပညာရေးအဆင့်အတန်းမြှင့်တင်ရေး၊ ဆရာဆရာမများ၏ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၏ တတိယတန်းသင်ရိုးသစ် တိုင်းဒေသကြီးအဆင့် သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက် ၈:၃၀ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်း၌ ကျင်းပသည့် ပါမောက္ခချုပ်များကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါ ဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သော အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများအား “Survey of Improvements and Challenges in Basic Education” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချသည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းတို့က ပြန်လည်ဆွေးနွေးဖြေကြားကြကြောင်း သတင်းရရှိသည်။



Friday, April 5, 2019

ပညာရေးဝန်ကြီးဌာန စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၄
ပညာရေးဝန်ကြီးဌာန တတိယအကြိမ် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို  ၄၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက် (၈:၃၀)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး HE Mr John Nielsen, Development Counsellor, Ms. Hanne Carus ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) အကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးပေးသည့်အတွက် ဒိန်းမတ်နိုင်ငံနှင့် ဒိန်းမတ်သံရုံးကို ပညာရေးဝန်ကြီးဌာန၏ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊  စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဦးစီးဌာနများမှ အရာထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြခံပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးနှင့် အဆင့်မြင့်ပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဗဟိုဌာန တည်ထောင်ရန်လည်း စီစဉ်ဆောင်ရွက်နေပါကြောင်း၊ တက္ကသိုလ် သင်ရိုးညွှန်းတမ်းအား ၂၁ ရာစုပညာရေးစနစ်နှင့်အညီ ပြင်ဆင် ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ School-Industry Partnership(SIP)အစီအစဉ်၊ National Vocational Foundation Certificate(NVFC) အစီအစဉ်၊  တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ် ကြီးများအကြား အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များရရှိစေရန်နှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်အတွက် Communication for Management- C4M App ဒီဇိုင်း ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း စသည်ဖြင့် အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက  ဒုတိယအကြိမ် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှု အစည်းအဝေးမှ အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ထားရှိမှုအခြေအနေ၊ ဒုတိယခြောက်လပတ် CDF Budget & Workplan မှ အောင်မြင်မှုများ၊  တတိယခြောက်လပတ်(၂၀၁၉ခုနှစ်၊ ဧပြီလ၁ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ) CDF Budget & Workplan များနှင့် ၂၀၁၉ ခုနှစ် မတ်လအထိ ဘတ်ဂျတ်သုံးစွဲခဲ့မှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကြံပြုဆွေးနွေးကြကြောင်း သတင်းရရှိသည်။


ပညာရေးသတင်းလွှာ အတွဲ(၂၂)၊ အမှတ်(၄)


Tuesday, April 2, 2019

အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၉ ဧပြီ ၁
အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ကိုဇေယျာလင်းမှ "မြန်မာ့စောင်း"ဖြင့် တီးခတ်ပြီး မအေးမြဖြူက "မင်္ဂလာ"သီချင်းဖြင့် သီဆို ဖွင့်လှစ်သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ သင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါ၀င်ဆောင် ရွက်ခဲ့ကြသည့် ဆရာ ဆရာမများ၊ တာ၀န်ရှိသူများ၊ အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထညေ် ဖာ်ဆောင်ရွက် လျက်ရှိပြီး ပညာရေးဝန်ကြီးဌာန၏မူဝါဒ ဖြစ်သည့် မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပညာရေး၀န်ကြီး ဌာန၏မျှော်မှန်း ရလဒ်ဖြစ်သည့် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသား ကျောင်းသူများအားလုံး လူသားကောင်းများဖြစ်စေရေး၊ တာဝန်ယူ တာဝန်ခံတတ်ပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်စေရေး၊ ဆန်းသစ်တီထွင်နိုင်ရေး၊ တစ်သက်တာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး၊ မူလတန်း အရွယ်ကလေးတိုင်း စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ပြီး မူလတန်းပညာသင်ယူပြီးမြောက်ပြီး အလယ် တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့် တိုးမြှင့် သင်ယူခွင့်များရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏ စွမ်းရည်အားနည်းနေသည့် ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ေ၀းလံခေါင်ဖျားဒေသ ရှိ ကလေးများ စသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ်များကိုလည်း ပိုမိုကောင်းမွန် စေရန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာ စကားသင်ရိုး ညွှန်းတမ်းပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအ၀င် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း စုစုပေါင်း (၄၇၀၀၅)ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူစုစုပေါင်း (၉၁၄၄၄၆၉)ဦး၊ ဘုန်းတော်ကြီး သင် ပညာရေးကျောင်း စုစုပေါင်း(၁၅၂၇)ကျောင်း တွင် ကျောင်း သား ကျောင်းသူ စုစုပေါင်း (၃၁၇၃၈၀)ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းစုစုပေါင်း (၈၆၆)ကျောင်းတွင် ကျောင်းသား ကျောင်းသူစုစုပေါင်း (၂၂၁၆၀၅)ဦး တက်ရောက်ပညာသင်ယူ ခဲ့ကြပါကြောင်း။ ဆရာ ဆရာမများ၏အရည်အသွေးမြင့်မားရန် အရေးကြီးသကဲ့သို့ သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်း လဲရေးသည်လည်း အရေးကြီး ပါကြောင်း၊ သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုတွင် ပထမတန်း(Grade-1)၊ ဒုတိယတန်း(Grade-2)ကျောင်းသုံးဖတ် စာအုပ်အသစ်များနှင့် ဆရာကိုင်စာအုပ်များ အသုံးပြုပြီး သင်ကြား သင်ယူရန်အတွက် အမျိုးသားပညာရေးဥပဒေအရသတ်မှတ် ထားသည့် အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပရဟိတကျောင်းများ၊ အထူး ပညာရေး အစီအစဉ်ကျောင်းများမှ မူလတန်းပြဆရာ ဆရာမများအားလုံးကို သင်ကြားသင်ယူမှု နည်းလမ်းများ သင်တန်းပေးခဲ့ပါကြောင်း၊ မူလတန်း တတိယတန်း(Grade-3)နှင့် အလယ်တန်း ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ် စာအုပ်များနှင့်် ဆရာကိုင် စာအုပ်အသစ်များကို JICA, ADB နှင့် EU တို့၏အကူအညီဖြင့် ပူးပေါင်းပြုစုဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင် နှစ်များကဲ့သို့ အမျိုးသားပညာရေးဥပဒေအရ သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းများမှ မူလတန်းပြ ဆရာ ဆရာမများ အားလုံးနှင့် အလယ်တန်းပြ ဆရာ ဆရာမများအားလုံး ယခု နွေရာသီတွင် သင်ကြားသင်ယူမှု နှင့်သက်ဆိုင်သည့် သင်တန်းများပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း။ စာမေးပွဲစနစ်များ ကိုလည်း ပြုပြင်ပြောင်းလဲရာတွင် စတုတ္ထတန်း (Grade-5)၊ အဋ္ဌမတန်း(Grade-9)နှင့် ကျန်အတန်း များတွင်လည်း သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းများ ကို ဇူလိုင်(သြဂုတ်)၊ အောက်တိုဘာ၊ ဒီဇင် ဘာလနှင့် ဖေဖော်၀ါရီ(မတ်)လ (၄)ကြိမ်သာ စစ်ဆေးလျက်ရှိပြီး စာမေးပွဲရမှတ်များများရရှိရန် သင်ယူခြင်းမှ သင်ယူပြီးရင်း သင်ယူခြင်း၊ တစ်သက်တာသင်ယူခြင်းကိုအားပေး သည့် ပညာရေးစနစ်သို့ ဦးတည်ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲ မေးခွန်းပုံစံများကိုလည်း အလွတ်ကျက်မှတ် မှုစနစ်မှ စဉ်းစားတွေးခေါ်မှု အားပေးသော မေးခွန်းများအဖြစ် ပြောင်းလဲဆောင်ရွက် ခဲ့ပါကြောင်း၊ ပညာရေး အရည်အသွေးမြင့်မားရေးအတွက် ဆရာ ဆရာမများ၏ အင်္ဂလိပ်စာ အရည်အသွေး၊ အိုင်စီတီအရည် အသွေးနှင့် ဘာသာရပ် တတ်ကျွမ်းမှုဆိုင်ရာ စွမ်းဆောင်ရည်များ၊ သင်ကြား သင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များနှင့် သင်ယူမှု၀န်းကျင်ကောင်းများ ဖြည့်ဆည်းပေးရန် အရေးကြီးပါကြောင်း၊ ယခု သင်တန်းဖွင့် လှစ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြသည့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါ၀င်မှုအားပေးမြှင့်တင်ရန်နှင့် ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး နောင်တွင် ယခုကဲ့သို့ ဆရာ အရည်အသွေးမြင့်မားရေးမွမ်းမံသင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ကျောင်းသူ မအေးမြဖြူက "မြတ်ဆရာ" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဆရာကြီး ဒေါက်တာသန်းဦးနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများက အလှူငွေများပေးအပ်ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဆရာကြီး ဒေါက်တာသန်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် PTA ဥက္ကဋ္ဌ ဒေါက်တာဇီဝက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား ဂုဏ်ထူးဦးသိန်းနိုင်က မုဒိတာစကားပြောကြားခဲ့သည်။ အဆိုပါ အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်း ဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်းသို့ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ(၅၃၀)ဦး တက်ရောက်လျက်ရှိသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာ၀န်ရှိသူများသည် ရန်ကုန်မြို့ အမျိုးသားပညာရေး မူဝါဒကော်မရှင်ရုံး၌ကျင်းပသည့် ပုဂ္ဂလိကကျောင်း ပညာရေးဆိုင်ရာအကြံပြု ဆွေးနွေးပွဲသို့ လည်းကောင်း၊ ရန်ကုန် တက္ကသိုလ်၌ ဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်၀င်စာမေးပွဲ အဖြေလွှာများ စစ်ဆေး နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ရုံး၀န်ထမ်းများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၂/၂၀၁၉)သို့ သင်ခန်းစာဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိသည်။



ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၁၉)ကျင်းပ

ရန်ကုန် ၂၀၁၉ မတ် ၃၁
ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် အဆင့်မြင့်ပညာရေး ကဏ္ဍနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံနှင့် လုပ်ငန်းကိစ္စများကို ပြန်လည်စိစစ်သုံးသပ်ပြီး အားသာချက်များကို ပိုမိုအားကောင်းလာစေရန်နှင့် အခက်အခဲများ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်ကောင်းမွန် လာစေရန်အတွက် ဆောင်ရွက်သည့်အစည်းအဝေးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ပါမောက္ခချုပ်များ ကော်မတီအနေဖြင့် ဖွဲ့စည်းပြီးစီးသည့်အချိန်မှစ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ဇုန်(၇)ဇုန်ခွဲပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်း ထိရောက်ပွင့်လင်း မြင်သာစွာချပြပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် ပထမအကြိမ် ပါမောက္ခချုပ်များ နှစ်ပတ်လည်ညီလာခံကိုလည်း ကျင်းပခဲ့ပြီး အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲနှင့်အတူ ပါမောက္ခချုပ်များကော်မတီအနေဖြင့် လုပ်ငန်းကော်မတီ(၉)ခု ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ယင်းကော်မတီ(၉)ခု အနေဖြင့် တက္ကသိုလ်များ၏အရည်အသွေး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်ရာတွင် ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်အားကောင်းစွာ ရှိလာပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့်များ၊ ဘွဲ့သင်တန်းများနှင့်ပတ်သက်သည့် အစီအစဉ်များ၊ သင်ကြား သင်ယူမှုအရည်အသွေး ကောင်းမွန်လာစေရေးဆောင်ရွက်သည့် အစီအစဉ်များ၊ အိုင်စီတီလိုအပ်ချက်များ ဖြည့်ဆည်းရေး၊ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန် မြင့်မားလာစေရေး ဆောင်ရွက်ပေးရန်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ သုတေသန လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ကမ္ဘာ့နိုင်ငံများက အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသနလုပ်ငန်းများပင် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာကြီး၏ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိထိရောက်မည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှုများကိုလည်း ဆောင်ရွက်ရန် တက္ကသိုလ်များသည် အရေးကြီးပါကြောင်း၊ ယခုကာလများကို ပြန်လည်ကြည့်ပါက သုတေသနစာတမ်းများ ပိုမိုရေးသားလာနိုင်သည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့တက္ကသိုလ်များသည် မူဝါဒပိုင်းမှစ၍ ဘွဲ့ရလူငယ်မောင်မယ်များကို ပြုစုပြီး အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်နှင့် လုပ်ငန်းခွင်တွင် အထောက်အကူပြုသည့် သင်တန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ်ဝင်ခွင့်မှ ဘွဲ့ရလူငယ်များပြုစုပျိုးထောင်ပေးရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန်အရေးကြီးပါကြောင်း၊ မိမိတို့၏ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကို ညီညီညွတ်ညွတ် ပူးပေါင်းပြီး မလျော့သောဇွဲလုံ့လဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌဌ ဒေါက်တာမျိုးကြွယ်က အမှာစကား ပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီ၏ဒုတိယအကြိမ် နှစ်ပတ်လည် ညီလာခံကျင်းပရန် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။ ထို့နောက် လုပ်ငန်းကော်မတီ(၉)ခုမှ ဥက္ကဋ္ဌဌများက လုပ်ငန်းကော်မတီအလိုက် ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံအတွက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးသည်။ ဆက်လက်၍ အထူးပြုပညာရပ်အဖွဲ့(၈)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံအတွက် ဆွေးနွေးဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်မှုများအား ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌဌ ဒေါက်တာဇော်ဝေစိုးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ပညာရေး၀န်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသည့် တတိယအကြိမ်သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲနှင့် နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ မတ် ၂၃
ပညာရေး၀န်ကြီးဌာနသို့ ပြည်တော်တိုးကုမ္ပဏီမှ တာ၀န်ယူဆောက်လုပ်ခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၃၊ ၃၊ ၂၀၁၉ ရက်နေ့ နံနက် ၈ : ၃၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၂)မိုးထိကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၂)မိုးထိ နှစ်ထပ် ကျောင်းဆောင်သစ်အား ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုး၀င်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် အခမ်းအနားဒုတိယပိုင်းအား ဒသမတန်းကျောင်းသား ကျောင်းသူများက “အမိကျောင်းတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ယင်းနောက် ပထမတန်းကျောင်းသား ကျောင်းသူလေးများက “ထာ၀ရမြန်မာ” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာရေး သင်ကြားသင်ယူမှုများကို အရှိန်အဟုန်နှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်နေကြပြီး အပြိုင်အဆိုင်ရင်းနှီးမြှပ်နှံ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတကာနှင့် လိုက်လျောညီထွေရှိသည့် (KG+12)သူငယ်တန်း+ တစ်ဆယ့်နှစ်တန်းပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲဆောင်ရွက် နေပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ၊ ပညာသင်ယူမှုအခွင့်အလမ်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာမေးပွဲ ရလဒ်ကောင်းရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း သင််ယူလာအောင် ဦးတည်သည့် သင်ကြားသင်ယူမှုစနစ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အကျင့်စာရိတ္တကောင်းမွန်သော လူသားကောင်းများ ဖြစ်စေရေး၊ တရားမျှတမှုကို ချစ်မြတ်နိုးတတ်စေရေး၊ အမှိုက်ပြစ်ခြင်းမှအစပြုကာ စည်းကမ်းရှိရေး၊ မူးယစ်ဆေးဝါး၊ လောင်းကစား အန္တရာယ်များကင်းရှင်း၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက် တတ်ရေးတို့အတွက် အားလုံးညီညီညွှတ်ညွတ် ဝိုင်း၀န်းပြုစုပျိုးထောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၀န်ကြီး ဦးတင်နွယ်ဦးတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဦးတင်မောင်၀င်း(M.D, ILBC)က ပညာရေး၀န်ကြီးဌာနနှင့် ILBC တို့ ကြီးမှူးကျင်းပသော သင်ကြားသင်ယူမှုစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ခြင်းနှင့် Video Conferencing Device လှူဒါန်းမှုအတွက် ၀မ်းမြောက်စကား ပြောကြားသည်။ ထို့နောက် ဦးစည်သူဖြိုးမြင့်(M.D, ပြည်တော်တိုးကမ္ပဏီ)က ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအတွက် ၀မ်းမြောက်ပီတိစကား ပြောကြားသည်။ ယင်းနောက် ဦးတင်မောင်၀င်း(M.D,ILBC)က Video Conferencing Device အား ပေးအပ်လှူဒါန်းရာ အထက(ခွဲ)၊ အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီးဒေါ်နီနီညွှန့်က လက််ခံ ရယူသည်။ ယင်းနောက် မန္တလေးဖောင်တော်ဦးကျောင်းတိုက်မှ ဆရာတော်ဦးနာယက က Video Conferencing Device ဖြင့် သြဝါဒစကား မြွတ်ကြားသည်။ ထို့နောက် RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင််းပေးအပ်ခြင်း အထိမ်းအမှတ်အလံများအား ပေးအပ်ကြသည်။ ဆက်လက်၍ အထက(ခွဲ)၊ အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီးဒေါ်နီနီညွှန့်က ကျေးဇူးတင်၀မ်းမြောက်စကားပြောကြား၍ ပဉ္စမတန်းကျောင်းသား ကျောင်းသူများက “လောကအားမာန်”သီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေ တင်ဆက်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး၀န်ကြီးဌာနနှင့် ILBC တို့ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်း တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား ဆွေးနွေးပို့ချကြောင်း သတင်းရရှိသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့်စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ်လဲလှယ်ပွဲသို့ တက်ရောက်

နေပြည်တော် ၂၀၁၉ မတ် ၂၁
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ ယူရို ၂၂၁ သန်းဖြင့် ဆောင်ရွက်မည့် ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့် စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် (Financing Agreement for Enhancing the Education and Skills base in Myanmar လဲလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Kristian Schmidt ၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး . H.E. Mr. Jaroslav Dolecek ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. John Nielsen ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ ပူးပေါင်းဆောင်ရွက်မှု အကြီး Dr. Johann Hesse နှင့် စီမံချက်မန်နေဂျာများ၊ Asian Development Bank (ADB)၊ International Institute for Democracy and Electoral Assistance (I-IDEA)၊ International Monetary Fund (IMF)၊ United Nations Educational, Scientific and Cultural Organization (UNESCO) ESifhGoPA Worldwide Consultant Group တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt တို့က ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့မှောက်၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Kristian Schmidt တို့က ပညာရေးနှင့် ကျွမ်းကျင်မှု အခြေခံများမြှင့်တင်ရေး စီမံချက်နှင့်စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ်ကို အပြန်အလှန်လဲလှယ်ကြသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ အဆိုပါငွေကြေးအထောက်အပံ့ ယူရို ၂၂၁ သန်းတွင် ဘတ်ဂျက်အထောက်အပံ့ ယူရို ၁၇၅ သန်းနှင့် ဖြည့်စွက် အထောက်အပံ့ ယူရို ၄၆ သန်းပါဝင်ကြောင်း သိရပြီး အခြေခံပညာ၊ အလယ်တန်းနှင့် အထက်တန်းပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ၊ အလုပ်ရုံနှင့် ကျောင်းသားအဆောင် များ ဆောက်လုပ်ခြင်း၊ ဆရာလမ်းညွှန်များ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များရိုက်နှိပ်ခြင်း၊ ဆရာ ဆရာမများ အရည်အသွေးပြည့်ဝရေးအတွက် သင်တန်းများပေးခြင်းနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးပြုပြင်ပြောင်းလဲမှု (PFM Reform) လုပ်ငန်းများကို ADB ၊ World Bank၊ I-IDEA တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပညာရေးနှင့် အသက်မွေး၀မ်းကျောင်းပညာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ မတ် ၂၁
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ ပညာရေးနှင့် အသက်မွေး၀မ်းကျောင်းပညာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၁၉) ကို ၂၁၊၃၊ ၂၀၁၉ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် ပညာရေး၀န်ကြီးဌာနရုံးအမှတ်(၂၁)ရှိ အစည်းအေ၀းခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ ပညာရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များ၊ ဆက်စပ်၀န်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သက်ဆိုင်ရာတာ၀န်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယ၀န်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ(၈)ရပ်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာ၀န်များ သတ်မှတ်မှုတို့ကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရန် နှစ်ရှည်စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီတွင် ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာလုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းကော်မတီများနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးအခွင့်အရေးကာကွယ်နိုင်စေရေးအတွက် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးရန်လိုပါကြောင်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်များကို ပညာသင်ကြားပေးနေသောလုပ်ငန်းများသည် ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးအတွက် အထောက်အပံ့ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာဆင်းရဲမှုနှင့်ပညာရေး အသိပညာနည်းပါးမှုလည်းပါ၀င်ပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာလုပ်ငန်းကော်မတီအနေဖြင့် ညီညီညွတ်ညွတ် ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း၊အကြံဉာဏ်ကောင်းများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်းစသည်ဖြင့်ပြောကြားသည်။ ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာလုပ်ငန်းကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ပညာရေးနှင့်အသက်မွေး၀မ်းကျောင်းပညာလုပ်ငန်းကော်မတီနှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် အသေးစိတ်စီမံချက်ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြကြောင်းသတင်းရရှိသည်။


ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေပေးအပ်

နေပြည်တော် ၂၀၁၉ မတ် ၁၈
ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့သည့် စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သံအမတ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းက ပညာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထပ်ဆောင်းရန်ပုံငွေ စီမံကိန်းလုပ်ငန်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အပါအဝင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါလုပ်ငန်းများကို အားဖြည့်သည့်အစီအစဉ်ဖြစ်ပါ ကြောင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေပေးခြင်းဖြင့် အခြေခံပညာကျောင်းများအတွက် သင်ကြားသင်ယူမှုလုပ်ငန်းများတွင် ပိုမိုအထောက်အကူဖြစ်သည့်အပြင် အခမဲ့ပညာရေး စနစ်ကိုပါ အားဖြည့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးပေးခြင်းဖြင့် ကလေးများအနေဖြင့် ကျောင်းထွက်နှုန်းများလျော့နည်းလာကာ အတန်းကူးပြောင်းနှုန်းများပါ တိုးတက်လာပါကြောင်း၊ ဆရာများ၏အရည်အသွေးတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက် သည့်အစီအစဉ်အတွက်လည်း အကျိုးရှိပါကြောင်း၊ ကျောင်းဖွွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အစီအစဉ်သည် တစ်နိုင်ငံလုံးရှိ ကျောင်းများတွင်ဆောင်ရွက်လျက်ရှိပြီး ပညာသင်ထောက်ပံ့ကြေး အစီအစဉ်ကို မြို့နယ်(၅၅)မြို့နယ်တွင် ဆောင်ရွက်ထားပါကြောင်း၊ Teacher Mentoring အစီအစဉ်ကိုလည်း မြို့နယ်(၁၅၀)တွင် ဆောင်ရွက်လျက်ရှိကြောင်းစသည်ဖြင့် ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ဘဏ်မှ Country Director, Ms.Ellen Goldstein က အမှာစကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းက ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့ ပေးသည့် စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ Powerpoint ဖြင့် ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့်  Video များ ပြသသည်။ ထို့နောက် Australia Ambassador, H.E.Ms.Andrea Faulkner, Denmark Ambassador H.E.Mr.John Nielsen နှင့် Finland Ambassador, H.E.Ms Riika Laatu တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ကချင်ပြည်နယ်ရှိ အခြေခံပညာရေးမိသားစုများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၁၉ မတ် ၁၈

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ကချင်ပြည်နယ် လူမှုရေး ၀န်ကြီးဦးမြင့်၀င်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာနေမျိုးထွန်းနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများလိုက်ပါလျှက် ၁၈၊ ၃၊ ၂၀၁၉ ရက်နေ့ နံနက် ၁၁း၃၀ နာရီတွင် ကချင်ပြည်နယ် ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌  ကချင်ပြည်နယ် အခြေခံ ပညာရေးမိသားစုများနှင့်တွေ့ဆုံသည်။ ရှေးဦးစွာ  ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ပညာရေး၀န်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ သွားရေး၊ လာရေးခက်ခဲသောဒေသများ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့်ပညာဆက်လက်သင်ယူ ခွင့်ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (Grade-3) တတိယတန်း ပြီးသောကလေးတိုင်း မြန်မာစာဖတ်တတ်၊ရေးတတ်ရေး၊ သင်္ချာတွက်တတ်ရေးနှင့် စဉ်းစားတွေးခေါ် မှုကို အားပေး၍ သင်ယူပြီးရင်းသင်ယူချင်စိတ်ဖြစ်ပေါ်နေရေး သင်ကြားသင်ယူမှုကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်း မြင်သာစွာဖြင့် အကျိုးရှိထိရောက်အောင် မိဘဆရာအသင်း၊ မိဘများနှင့်ပူးပေါင်းသုံးစွဲရန်လိုပါကြောင်း၊ မြိို့နယ်ပညာရေးမှူးများ အနေဖြင့် ကျောင်းများ၏လိုအပ်ချက်များ၊ ဆရာဆရာမများ၏ အခက်အခဲများကို ဂရုတစိုက်လေ့လာ၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား စာပေ၊ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခြင်းများနှင့် စာကြည့်တိုက်များကို အားပေးဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးအရည်အသွေး ကောင်းမွန်လာစေရေးအတွက် ဆရာဆရာမများသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အချင်း ပိုကောင်းသူများကိုသာ တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် ဆရာဆရာမများအဖြစ် ခန့်ထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ၀န်ထမ်းများ၏ လစာ၊ခရီးစရိတ်၊ နေ့တွက်စရိတ်များ အပြည့်အ၀ရရှိရေး၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းလိုအပ်ချက်များ အချိန်မီဖြည့်ဆည်းရေး၊ တတိယတန်း(Grade-3) ကျောင်းသုံးဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် မူလတန်းပြဆရာ၊ ဆရာမများ အားလုံးနှင့် ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် အလယ်တန်းပြဆရာဆရာမများအားလုံး နွေရာသီသင်တန်းတက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ်လူမှုရေး၀န်ကြီး ဦးမြင့်၀င်းက ဝေးလံခက်ခဲဒေသဖြစ်သော ခေါင်လန်ဖူးဒေသပညာရေး အခြေအနေနှင့် ပညာရေးလိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး ဆွေးနွေး ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော ဆရာ၊ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စု၀န်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက သင်ရိုး ညွှန်းတမ်းသစ် စာအုပ်များပေးအပ်ရာ ခေါင်လန်ဖူးမြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။ ယနေ့အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ကချင်ပြည်နယ် လူမှုရေး၀န်ကြီးဦးမြင့်၀င်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၊ ကချင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။




ပြည်ထောင်စုဝန်ကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ

ပူတာအို ၂၀၁၉ မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းခန်းမ၌ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံသည်။ ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက် တန်းကျောင်း(ပူတာအို)မှ ကျောင်းအုပ်ကြီး ဦးမောင်မောင်သန်းက ကျောင်းများ၏ ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ သင်ကြားသင်ယူမှု အခြေအနေများနှင့် ကာလတို သင်တန်းများ လေ့ကျင့် သင်ကြား ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး မဟာဗျူ ဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နည်းပညာနှင့် အသက်မွေးပညာကဏ္ဍတွင် မဟာဗျူဟာ (၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို သင်ယူလိုသူတိုင်း သင်ယူနိုင်သည့် အခွင့်အလမ်းများ တိုးချဲ့ဆောင်ရွက်လျက် ရှိပါကြောင်း။ ယင်းကဲ့သို့ တိုးချဲ့ဆောင်ရွက်ရာတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပုံမှန်သင်တန်းများနှင့် ကာလတိုသင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ရမည် ဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးသင်တန်းများအဖြင့် Auto Mobile ကားပြင် သင်တန်းများ၊ လယ်ယာသုံး စက်ကိရိယာပြုပြင် ထိန်းသိမ်းရေး သင်တန်းများ၊ ပန်းရံ၊ လက်သမားကဲ့သို့သော အဆောက်အဦနှင့် ပတ်သက်သည့် သက်မွေးပညာ သင်တန်းများ၊ ဂဟေဆက်သင် တန်းများ၊ ချောင်းမြောင်း ပေါများသည့် ဒေသဖြစ်သည့် အတွက် ရေအား လျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုသော တာဘိုင် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်း များ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှု သင်တန်းများ အပြင် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် အရည်အသွေးမြင့်မားလာစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြားမှု၊ သင်ယူမှု နည်းလမ်းများအပြင် လက်တွေ့ လေ့ကျင့်သင်ကြား ပေးရာတွင်လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ ဆရာဆရာများ၏ အရည်အသွေး မြင့်မားမှသာလျှင် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ အင်္ဂလိပ်စာ အရည်အသွေးနှင့် ICT အသုံးပြုမှု အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် တက်ရောက်သင်ကြားရမည် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှု အခန်းကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများ၏ အရည်အသွေးသည်လည်း အရေးကြီး ပါကြောင်း၊ ၎င်းတို့၏ အရည်အသွေးများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း မှာကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဌာနမှူးနှင့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေမျိုးထွန်းက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်း ပညာ အထက်တန်းကျောင်းများ၏ အလုပ်ရုံနှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။


ပညာရေးဝန်ကြီးဌာန၊အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းတာဝန်များရှင်းလင်းခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ မတ် ၁၅     ပညာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)လုပ်ငန်းတာဝန်များရှင်းလင်းခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲတွင်ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)ရှိအစည်းအဝေးခန်းမ၌ကျင်းပသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်းအမှတ်စဉ် (၁/၂၀၁၉)အတွေ့အကြုံရှင်းလင်းခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းကိုမြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်ကလည်းကောင်း၊ အဂတိလိုက်စားမှုအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်းကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းကလည်းကောင်း၊ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်းကိုရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် ကလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်းကိုလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာ စိုင်းကျော်နိုင်ဦးကလည်ကောင်း ရှင်းလင်းပြောကြားကြသည်။ ထို့နောက်တက်ရောက်လာကြသူများကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးအကြံပြုကာမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများစုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။


ပညာရေး၀န်ကြီးဌာန၊ပြည်ထောင်စု၀န်ကြီး၂၀၁၉ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ ဇီ၀ဗေဒ/ ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၁၉ မတ် ၁၃

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည်  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာ၀န်) ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်နှင့်  သက်ဆိုင်ရာတာ၀န်ရှိသူများလိုက်ပါလျှက် မတ်လ(၁၃)ရက် နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ ဇီ၀ဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို   လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်ထောင်စု ၀န်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများအား  ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၌ အားနည်းချက်များကို အမြန်ဆုံးဖြည့်ဆည်း၍ ကောင်းမွန် အောင်ဆောင်ရွက်ပေးရန်နှင့် အားသာချက်များပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်၊ ၀င်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဆောင် ရွက်ပေးကြရန် မှာကြားသည်။ အလားတူ  မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာ၀န်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲလင်းမြင့်နှင့် သက်ဆိုင်ရာတာ၀န်ရှိသူများ လိုက်ပါလျက် မိတ္ထီလာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ ပျော်ဘွယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ရမည်းသင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုအားပေးကာ ကြီးကြပ်ရေးမှူး၊ လက် ထောက်ကြီးကြပ်ရေးမှူးများနှင့်တွေ့ဆုံ၍ လိုက်နာဆောင်ရွက်ကြရမည့် တာ၀န်၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်ကြရန်၊  တက္ကသိုလ်၀င်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ၀ိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားသည်။ ယင်းနောက် မေးခွန်းလွှာ၊ အဖြေလွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။ မြန်မာနိုင်ငံတစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာနများနှင့်နိုင်ငံခြားစာစစ်ဌာနများတွင်  ဇီ၀ဗေဒ ဘာသာဖြေဆိုရန်(၁၉၆၈၈၈)ဦးစာရင်းပေးသွင်း၍ (၁၉၀၆၀၂)ဦးဖြေဆိုပြီး ဘောဂဗေဒဘာသာ ဖြေဆိုရန်(၆၉၉၃၉၄)ဦး စာရင်းပေးသွင်း၍ (၆၅၇၄၀၄)ဦး  အေးချမ်းစွာ ၀င်ရောက်ဖြေဆိုကြသည်။ မန္တလေးတိုင်းဒေသကြီးတွင် ဇီ၀ဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၄၅၄၅၄)ဦး စာရင်းပေးသွင်းကြ၍ (၄၄၂၂၄)ဦး ၀င်ရောက်ဖြေဆိုကြပြီး ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် (၇၈၂၀၆)ဦး စာရင်းပေးသွင်း၍ (၇၄၆၇၄)ဦး ၀င်ရောက်ဖြေဆိုကြသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနများတွင် ဇီ၀ဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၅၄၅၁)ဦး စာရင်းပေးသွင်းကြပြီး (၅၂၅၀) ဦး ၀င်ရောက်ဖြေဆိုကြပြီး ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် (၂၀၆၆၉)ဦး စာရင်းပေးသွင်းပြီး (၁၉၅၀၇)ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။



ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုနေကြသည့် ရွှေ့ပြောင်းကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြား

ရန်ကုန် ၂၀၁၉ မတ် ၁၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများလိုက်ပါလျက် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများသည် လေးကေ့ကော်ငြိမ်းချမ်းရေးကျေးရွာရှိ “ဒူပလာ”ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၄၆)ဦး တည်းခိုနေသည့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “SAW” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၁၉)ဦး တည်းခိုနေသည့် မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် မြ၀တီ မူလတန်း လွန်ကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “ဆာသူးလေ” ပညာသင်ကျောင်း မှ ကျောင်းသား ကျောင်းသူ(၆၄)ဦး တည်းခိုနေသည့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မဟာစည် ဘုန်းတော်ကြီးကျောင်းနှင့် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “သွေးသစ်” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၅၄)ဦး တည်းခိုနေသည့် မြ၀တီမြို့ မိကျောင်းကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး  ကျောင်းသား ကျောင်းသူများအတွက် ခေါက်ဆွဲခြောက်ထုပ် (၅၁၀)ထုပ်ပေးအပ်ခဲ့သည်။ ယမန်နှစ် တက္ကသိုလ်၀င်စာမေးပွဲသို့ “ဆာသူးလေ”ပညာသင်ကျောင်းမှ(၄၈)ဦး၊ “SAW” ပညာသင် ကျောင်းမှ(၁၉)ဦး၊ “သွေးသစ်” ပညာသင်ကျောင်းမှ (၅၄)ဦး စုစုပေါင်း (၁၂၁) ဦး ၀င်ရောက်ဖြေဆိုခဲ့ကြပြီး (၂၅) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာ၀န်ရှိသူများသည် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကော့ကျိုက်) စာစစ်ဌာနများသို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မုတ္တမ) စာစစ်ဌာနများသို့လည်းကောင်း သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုနေမှုများနှင့် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၏ စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။ ကရင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲ၀င်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၇၃၀) ဦးရှိပြီး မွန်ပြည်နယ်တွင် တက္ကသိုလ်၀င်တန်း စာမေးပွဲ၀င်ရောက်ဖြေဆိုသူ စုစုပေါင်း(၃၀၅၇၉) ဦးရှိကြောင်း သတင်းရရှိသည်။

ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဘားအံမြို့ရှိ တက္ကသိုလ်များ၊ ပညာရေးကောလိပ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ

ရန်ကုန် ၂၀၁၉ မတ် ၁၁

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာ၀န်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ် ဘားအံမြို့ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာ တက္ကသိုလ် (ဘားအံ)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ၊ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပါမောက္ခချုပ်များကော်မတီ၏ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများနှင့် တက္ကသိုလ်များ၏ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိညာဉ် ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ််ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် မိမိတို့အနေဖြင့် တက္ကသိုလ်များသို့သွားရောက်၍ ပါမောက္ခချုပ်များကော်မတီ၏လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်းပြောကြားလိုပြီး ပါမောက္ခချုပ်များကော်မတီအနေဖြင့် တက္ကသိုလ်များ၏သင်ကြား သင်ယူရေး စီမံခန့်ခွဲမှုအားကောင်းလာစေရေး ပေါင်းစပ်သည့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကွန်ပျူတာနှင့်နည်းပညာ ပညာရပ်များထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို လိုအပ်လျက်ရှိပါကြောင်း၊ နည်းပညာကျွမ်းကျင်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သည့် အတွက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အင်္ဂလိပ်စာကောင်းမွန်ရန်အဓိက လိုအပ်ပါကြောင်း၊ ပညာသင်ယူရာတွင် အခက်အခဲကြုံတွေ့ရသည့် ကျောင်းသားကျောင်းသူများအတွက် ပညာ သင်ထောက်ပံ့ကြေးများကို ထောက်ပံ့ပေးလျက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတကာပညာတော်သင်ဆုများနှင့်ပတ်သတ်၍ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုအားပေးလျက်ရှိပါကြောင်း။ မိမိတို့နိုင်ငံအနေဖြင့် အမှားအမှန် အဆိုးအကောင်း အကျိုးအကြောင်း ခွဲခြားသုံးသပ်ဆင်ခြင်နိုင်စွမ်းရှိရန် သင်ယူခြင်းကိုအားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို များများသင်ယူလေ့လာနိုင်ရန် ကျောင်းစာကြည့်တိုက်များကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်  ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေယဉ်ကျေးမှု နှင့် အနုပညာဓလေ့ထုံးတမ်းစဉ်လာများကိုလည်း မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ အချင်းချင်း အပြန်အလှန်နားလည်မှုရှိရန်လိုအပ်ပြီး အချင်းချင်းကူညီပူးပေါင်းဆောင်ရွက်တတ်သည့် လူမှု ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ လူငယ်များနှင့် နိုင်ငံ တကာမှလူငယ်များနှင့်ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရာတွင် ဘာသာစကားများကျွမ်းကျင်ရန်လိုအပ်ပြီး အထူးသဖြင့် အင်္ဂလိပ်စာအရည်အသွေးကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များလည်း ဖွံ့ဖြိုးတိုးတက်စေရေး၊ တာ၀န်ယူ၊ တာ၀န်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း။
ပညာရေးအရည် အသွေးကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေးကောင်းမွန်ရန်နှင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် လိုအပ်ချက်များဖြည့်ဆည်းရန်လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ရိုးညွှန်းတမ်းများကို ပြုစုသင်ကြားပေးနိုင်မည်ဖြစ်ပြီး Project based learning (high-tech learning, high-touch learning)အသုံးပြုခြင်းဖြင့် Innovation and Creation ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုသည့် အသုံးချသုတေသနလုပ်ငန်းများဖြစ်ရန်လိုအပ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီးသွားလာရေးနှင့် အကျိုးစီးပွားကိုအကျိုးပြုပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ ပုဂ္ဂလိကပြင်ပများမှ သိရှိနိုင်ရန်အတွက် မိမိတို့၏တက္ကသိုလ်၏ Website များကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားရန်လိုအပ်ပြီး ရုံးလုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်ထောင်စု font အားအသုံးပြုရန်လိုအပ်ပါကြောင်း၊ ကျောင်းများတွင် စက်မှုလုပ်ငန်းရှင်များ စီးပွား ရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ Job Fair များပြုလုပ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စားသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံ တင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်းစာအုပ်စာတမ်းကြေးများ၊ လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေး များကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာ ဆရာမများ၊ ၀န်ထမ်းများ၊ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့်အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေး၀န်ကြီးဌာနသို့ ဆက်လက်တင်ပြရန်လိုအပ်ပါကြောင်း၊ လူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများရှိသည့်အတွက် ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်းနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အားလုံး ကမိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လက်ထောက်နည်းပြရာထူးတိုးမြှင့်ခွင့်ပေးရေး၊ သန့်ရှင်းရေးဝန်ထမ်းနှင့်လုံခြုံရေးဝန်ထမ်းထပ်မံခန့်ထားရေး၊ အင်တာနက်လိုင်းများတပ်ဆင်ပေးရေး၊ သင်ရိုးညွှန်းတမ်းစာအုပ်များ အချိန်မီရရှိရေး၊ ကျောင်းဆောင်များ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် Toiletများပြုပြင်ပေးရေး၊ ကျောင်းခြံစည်းရိုးကာရံပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်းခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် နည်းပညာက္ကသိုလ် (ဘားအံ)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ဘားအံ)၊ ဘားအံတက္ကသိုလ်နှင့် ပညာရေးကောလိပ် (ဘားအံ)များသို့သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ၀န်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။