Thursday, April 18, 2019
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ
နေပြည်တော် ၂၀၁၉ ဧပြီ ၉
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ၉၊၄၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် ညောင်ဦးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ၀န်ကြီး ဦးမြတ်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ၊ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာ၀န်ရှိသူများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၀င်များ၊ မန္တလေးတက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်များမှ စေတနာရှင်လုပ်အားပေး ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)မှ ကျောင်းသား ကျောင်းသူများက ”လူတိုင်းအတွက်ပညာရေး” သီချင်းကို သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ နာယက၊ ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကာလ တက္ကသိုလ်ကျောင်းပိတ်ချိန်တွင် အနားမယူဘဲ မွန်မြတ်သည့် စေတနာဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပညာဒါနလုပ်အားပေးကြမည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအား အထူး၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံ၏လူဦးရေ ငါးသန်းကျော်သည် မြန်မာစာအရေး၊ အဖတ်၊ အတွက် တတ်မြောက်မှု မရှိသေးပါကြောင်း၊ လူတိုင်းဘ၀သာယာရေးအတွက် ၀င်ငွေစီးပွားရေးကောင်းမွန်ဖို့ အရေးကြီးပါကြောင်း၊ ၀င်ငွေစီးပွားရေးကောင်းမွန်ဖို့အတွက် အခြေခံအရေး၊ အဖတ်၊ အတွက် တတ်မြောက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာမတတ်မြောက်ခဲ့သူများ စာတတ်မြောက်ရေးအတွက် ယခင်က နွေရာသီကာလများတွင်သာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အားလပ်ချိန်ဖြစ်သည့် ဧပြီ၊ မေ နှင့် အောက်တိုဘာ၊ နို၀င်ဘာလများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကြားကာလများတွင် ဒေသခံစေတနာရှင် လုပ်အားပေးလူငယ်မောင်မယ်များဖြင့် တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယနေ့မှစ၍ ရက်ပေါင်းလေးဆယ်အတွင်း ညောင်ဦးခရိုင်တွင် စာသင်ဝိုင်းပေါင်း (၁၀၆)ဝိုင်းမှ စာသင်သား (၁၀၃၃)ဦးအား မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် တို့မှ စေတနာရှင်လုပ်အားပေး ကျောင်းသားကျောင်းသူ(၂၂၃)ဦးတို့က အခြေခံစာတတ် မြောက်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးညီညီညွှတ်ညွှတ် ဝိုင်း၀န်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၀င် စီမံ/ဘဏ္ဍာ၀န်ကြီး ဦးမြတ်သူက အမှာစကားပြောကြားကာ စေတနာရှင်လုပ်အားပေး ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ် ဆရာ ဆရာမများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား ကျောင်းသူလေးများက “ပုဂံအက” ဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက ဖွင့်ပွဲတွင်ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ယင်းနောက် စာတတ်မြောက်ရေးလှုပ်ရှားမှု Video Clip ပြသပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်၀င်းက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment