နေပြည်တော် ၂၀၁၉ မတ် ၂၃
ပညာရေး၀န်ကြီးဌာနသို့ ပြည်တော်တိုးကုမ္ပဏီမှ တာ၀န်ယူဆောက်လုပ်ခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၃၊ ၃၊ ၂၀၁၉ ရက်နေ့ နံနက် ၈ : ၃၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၂)မိုးထိကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၂)မိုးထိ နှစ်ထပ် ကျောင်းဆောင်သစ်အား ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုး၀င်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် အခမ်းအနားဒုတိယပိုင်းအား ဒသမတန်းကျောင်းသား ကျောင်းသူများက “အမိကျောင်းတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ယင်းနောက် ပထမတန်းကျောင်းသား ကျောင်းသူလေးများက “ထာ၀ရမြန်မာ” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာရေး သင်ကြားသင်ယူမှုများကို အရှိန်အဟုန်နှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်နေကြပြီး အပြိုင်အဆိုင်ရင်းနှီးမြှပ်နှံ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတကာနှင့် လိုက်လျောညီထွေရှိသည့် (KG+12)သူငယ်တန်း+ တစ်ဆယ့်နှစ်တန်းပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲဆောင်ရွက် နေပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ၊ ပညာသင်ယူမှုအခွင့်အလမ်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာမေးပွဲ ရလဒ်ကောင်းရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း သင််ယူလာအောင် ဦးတည်သည့် သင်ကြားသင်ယူမှုစနစ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အကျင့်စာရိတ္တကောင်းမွန်သော လူသားကောင်းများ ဖြစ်စေရေး၊ တရားမျှတမှုကို ချစ်မြတ်နိုးတတ်စေရေး၊ အမှိုက်ပြစ်ခြင်းမှအစပြုကာ စည်းကမ်းရှိရေး၊ မူးယစ်ဆေးဝါး၊ လောင်းကစား အန္တရာယ်များကင်းရှင်း၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက် တတ်ရေးတို့အတွက် အားလုံးညီညီညွှတ်ညွတ် ဝိုင်း၀န်းပြုစုပျိုးထောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၀န်ကြီး ဦးတင်နွယ်ဦးတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဦးတင်မောင်၀င်း(M.D, ILBC)က ပညာရေး၀န်ကြီးဌာနနှင့် ILBC တို့ ကြီးမှူးကျင်းပသော သင်ကြားသင်ယူမှုစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ခြင်းနှင့် Video Conferencing Device လှူဒါန်းမှုအတွက် ၀မ်းမြောက်စကား ပြောကြားသည်။ ထို့နောက် ဦးစည်သူဖြိုးမြင့်(M.D, ပြည်တော်တိုးကမ္ပဏီ)က ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအတွက် ၀မ်းမြောက်ပီတိစကား ပြောကြားသည်။ ယင်းနောက် ဦးတင်မောင်၀င်း(M.D,ILBC)က Video Conferencing Device အား ပေးအပ်လှူဒါန်းရာ အထက(ခွဲ)၊ အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီးဒေါ်နီနီညွှန့်က လက််ခံ ရယူသည်။ ယင်းနောက် မန္တလေးဖောင်တော်ဦးကျောင်းတိုက်မှ ဆရာတော်ဦးနာယက က Video Conferencing Device ဖြင့် သြဝါဒစကား မြွတ်ကြားသည်။ ထို့နောက် RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင််းပေးအပ်ခြင်း အထိမ်းအမှတ်အလံများအား ပေးအပ်ကြသည်။ ဆက်လက်၍ အထက(ခွဲ)၊ အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီးဒေါ်နီနီညွှန့်က ကျေးဇူးတင်၀မ်းမြောက်စကားပြောကြား၍ ပဉ္စမတန်းကျောင်းသား ကျောင်းသူများက “လောကအားမာန်”သီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေ တင်ဆက်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး၀န်ကြီးဌာနနှင့် ILBC တို့ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်း တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား ဆွေးနွေးပို့ချကြောင်း သတင်းရရှိသည်။
No comments:
Post a Comment