နေပြည်တော် ၂၀၁၉ မတ် ၁၈
ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့သည့် စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သံအမတ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းက ပညာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထပ်ဆောင်းရန်ပုံငွေ စီမံကိန်းလုပ်ငန်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အပါအဝင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါလုပ်ငန်းများကို အားဖြည့်သည့်အစီအစဉ်ဖြစ်ပါ ကြောင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေပေးခြင်းဖြင့် အခြေခံပညာကျောင်းများအတွက် သင်ကြားသင်ယူမှုလုပ်ငန်းများတွင် ပိုမိုအထောက်အကူဖြစ်သည့်အပြင် အခမဲ့ပညာရေး စနစ်ကိုပါ အားဖြည့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးပေးခြင်းဖြင့် ကလေးများအနေဖြင့် ကျောင်းထွက်နှုန်းများလျော့နည်းလာကာ အတန်းကူးပြောင်းနှုန်းများပါ တိုးတက်လာပါကြောင်း၊ ဆရာများ၏အရည်အသွေးတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက် သည့်အစီအစဉ်အတွက်လည်း အကျိုးရှိပါကြောင်း၊ ကျောင်းဖွွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အစီအစဉ်သည် တစ်နိုင်ငံလုံးရှိ ကျောင်းများတွင်ဆောင်ရွက်လျက်ရှိပြီး ပညာသင်ထောက်ပံ့ကြေး အစီအစဉ်ကို မြို့နယ်(၅၅)မြို့နယ်တွင် ဆောင်ရွက်ထားပါကြောင်း၊ Teacher Mentoring အစီအစဉ်ကိုလည်း မြို့နယ်(၁၅၀)တွင် ဆောင်ရွက်လျက်ရှိကြောင်းစသည်ဖြင့် ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ဘဏ်မှ Country Director, Ms.Ellen Goldstein က အမှာစကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းက ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့ ပေးသည့် စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ Powerpoint ဖြင့် ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် Video များ ပြသသည်။ ထို့နောက် Australia Ambassador, H.E.Ms.Andrea Faulkner, Denmark Ambassador H.E.Mr.John Nielsen နှင့် Finland Ambassador, H.E.Ms Riika Laatu တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment