ရန်ကုန် ၂၀၁၉ မတ် ၁၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာ၀န်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ် ဘားအံမြို့ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာ တက္ကသိုလ် (ဘားအံ)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ၊ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပါမောက္ခချုပ်များကော်မတီ၏ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများနှင့် တက္ကသိုလ်များ၏ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိညာဉ် ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ််ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် မိမိတို့အနေဖြင့် တက္ကသိုလ်များသို့သွားရောက်၍ ပါမောက္ခချုပ်များကော်မတီ၏လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်းပြောကြားလိုပြီး ပါမောက္ခချုပ်များကော်မတီအနေဖြင့် တက္ကသိုလ်များ၏သင်ကြား သင်ယူရေး စီမံခန့်ခွဲမှုအားကောင်းလာစေရေး ပေါင်းစပ်သည့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကွန်ပျူတာနှင့်နည်းပညာ ပညာရပ်များထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို လိုအပ်လျက်ရှိပါကြောင်း၊ နည်းပညာကျွမ်းကျင်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သည့် အတွက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အင်္ဂလိပ်စာကောင်းမွန်ရန်အဓိက လိုအပ်ပါကြောင်း၊ ပညာသင်ယူရာတွင် အခက်အခဲကြုံတွေ့ရသည့် ကျောင်းသားကျောင်းသူများအတွက် ပညာ သင်ထောက်ပံ့ကြေးများကို ထောက်ပံ့ပေးလျက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတကာပညာတော်သင်ဆုများနှင့်ပတ်သတ်၍ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုအားပေးလျက်ရှိပါကြောင်း။ မိမိတို့နိုင်ငံအနေဖြင့် အမှားအမှန် အဆိုးအကောင်း အကျိုးအကြောင်း ခွဲခြားသုံးသပ်ဆင်ခြင်နိုင်စွမ်းရှိရန် သင်ယူခြင်းကိုအားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို များများသင်ယူလေ့လာနိုင်ရန် ကျောင်းစာကြည့်တိုက်များကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေယဉ်ကျေးမှု နှင့် အနုပညာဓလေ့ထုံးတမ်းစဉ်လာများကိုလည်း မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ အချင်းချင်း အပြန်အလှန်နားလည်မှုရှိရန်လိုအပ်ပြီး အချင်းချင်းကူညီပူးပေါင်းဆောင်ရွက်တတ်သည့် လူမှု ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ လူငယ်များနှင့် နိုင်ငံ တကာမှလူငယ်များနှင့်ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရာတွင် ဘာသာစကားများကျွမ်းကျင်ရန်လိုအပ်ပြီး အထူးသဖြင့် အင်္ဂလိပ်စာအရည်အသွေးကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များလည်း ဖွံ့ဖြိုးတိုးတက်စေရေး၊ တာ၀န်ယူ၊ တာ၀န်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း။
ပညာရေးအရည် အသွေးကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေးကောင်းမွန်ရန်နှင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် လိုအပ်ချက်များဖြည့်ဆည်းရန်လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ရိုးညွှန်းတမ်းများကို ပြုစုသင်ကြားပေးနိုင်မည်ဖြစ်ပြီး Project based learning (high-tech learning, high-touch learning)အသုံးပြုခြင်းဖြင့် Innovation and Creation ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုသည့် အသုံးချသုတေသနလုပ်ငန်းများဖြစ်ရန်လိုအပ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီးသွားလာရေးနှင့် အကျိုးစီးပွားကိုအကျိုးပြုပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ ပုဂ္ဂလိကပြင်ပများမှ သိရှိနိုင်ရန်အတွက် မိမိတို့၏တက္ကသိုလ်၏ Website များကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားရန်လိုအပ်ပြီး ရုံးလုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်ထောင်စု font အားအသုံးပြုရန်လိုအပ်ပါကြောင်း၊ ကျောင်းများတွင် စက်မှုလုပ်ငန်းရှင်များ စီးပွား ရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ Job Fair များပြုလုပ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စားသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံ တင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်းစာအုပ်စာတမ်းကြေးများ၊ လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေး များကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာ ဆရာမများ၊ ၀န်ထမ်းများ၊ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့်အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေး၀န်ကြီးဌာနသို့ ဆက်လက်တင်ပြရန်လိုအပ်ပါကြောင်း၊ လူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများရှိသည့်အတွက် ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်းနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အားလုံး ကမိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လက်ထောက်နည်းပြရာထူးတိုးမြှင့်ခွင့်ပေးရေး၊ သန့်ရှင်းရေးဝန်ထမ်းနှင့်လုံခြုံရေးဝန်ထမ်းထပ်မံခန့်ထားရေး၊ အင်တာနက်လိုင်းများတပ်ဆင်ပေးရေး၊ သင်ရိုးညွှန်းတမ်းစာအုပ်များ အချိန်မီရရှိရေး၊ ကျောင်းဆောင်များ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် Toiletများပြုပြင်ပေးရေး၊ ကျောင်းခြံစည်းရိုးကာရံပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်းခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် နည်းပညာက္ကသိုလ် (ဘားအံ)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ဘားအံ)၊ ဘားအံတက္ကသိုလ်နှင့် ပညာရေးကောလိပ် (ဘားအံ)များသို့သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ၀န်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment