Tuesday, April 2, 2019

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပညာရေးနှင့် အသက်မွေး၀မ်းကျောင်းပညာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ မတ် ၂၁
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ ပညာရေးနှင့် အသက်မွေး၀မ်းကျောင်းပညာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၁၉) ကို ၂၁၊၃၊ ၂၀၁၉ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် ပညာရေး၀န်ကြီးဌာနရုံးအမှတ်(၂၁)ရှိ အစည်းအေ၀းခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ ပညာရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များ၊ ဆက်စပ်၀န်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သက်ဆိုင်ရာတာ၀န်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယ၀န်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ(၈)ရပ်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာ၀န်များ သတ်မှတ်မှုတို့ကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရန် နှစ်ရှည်စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီတွင် ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာလုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းကော်မတီများနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးအခွင့်အရေးကာကွယ်နိုင်စေရေးအတွက် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးရန်လိုပါကြောင်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်များကို ပညာသင်ကြားပေးနေသောလုပ်ငန်းများသည် ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးအတွက် အထောက်အပံ့ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာဆင်းရဲမှုနှင့်ပညာရေး အသိပညာနည်းပါးမှုလည်းပါ၀င်ပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာလုပ်ငန်းကော်မတီအနေဖြင့် ညီညီညွတ်ညွတ် ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း၊အကြံဉာဏ်ကောင်းများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်းစသည်ဖြင့်ပြောကြားသည်။ ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာလုပ်ငန်းကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ပညာရေးနှင့်အသက်မွေး၀မ်းကျောင်းပညာလုပ်ငန်းကော်မတီနှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် အသေးစိတ်စီမံချက်ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြကြောင်းသတင်းရရှိသည်။


No comments:

Post a Comment