Tuesday, April 2, 2019

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ကချင်ပြည်နယ်ရှိ အခြေခံပညာရေးမိသားစုများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၁၉ မတ် ၁၈

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ကချင်ပြည်နယ် လူမှုရေး ၀န်ကြီးဦးမြင့်၀င်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာနေမျိုးထွန်းနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများလိုက်ပါလျှက် ၁၈၊ ၃၊ ၂၀၁၉ ရက်နေ့ နံနက် ၁၁း၃၀ နာရီတွင် ကချင်ပြည်နယ် ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌  ကချင်ပြည်နယ် အခြေခံ ပညာရေးမိသားစုများနှင့်တွေ့ဆုံသည်။ ရှေးဦးစွာ  ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ပညာရေး၀န်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ သွားရေး၊ လာရေးခက်ခဲသောဒေသများ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့်ပညာဆက်လက်သင်ယူ ခွင့်ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (Grade-3) တတိယတန်း ပြီးသောကလေးတိုင်း မြန်မာစာဖတ်တတ်၊ရေးတတ်ရေး၊ သင်္ချာတွက်တတ်ရေးနှင့် စဉ်းစားတွေးခေါ် မှုကို အားပေး၍ သင်ယူပြီးရင်းသင်ယူချင်စိတ်ဖြစ်ပေါ်နေရေး သင်ကြားသင်ယူမှုကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်း မြင်သာစွာဖြင့် အကျိုးရှိထိရောက်အောင် မိဘဆရာအသင်း၊ မိဘများနှင့်ပူးပေါင်းသုံးစွဲရန်လိုပါကြောင်း၊ မြိို့နယ်ပညာရေးမှူးများ အနေဖြင့် ကျောင်းများ၏လိုအပ်ချက်များ၊ ဆရာဆရာမများ၏ အခက်အခဲများကို ဂရုတစိုက်လေ့လာ၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား စာပေ၊ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခြင်းများနှင့် စာကြည့်တိုက်များကို အားပေးဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးအရည်အသွေး ကောင်းမွန်လာစေရေးအတွက် ဆရာဆရာမများသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အချင်း ပိုကောင်းသူများကိုသာ တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် ဆရာဆရာမများအဖြစ် ခန့်ထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ၀န်ထမ်းများ၏ လစာ၊ခရီးစရိတ်၊ နေ့တွက်စရိတ်များ အပြည့်အ၀ရရှိရေး၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းလိုအပ်ချက်များ အချိန်မီဖြည့်ဆည်းရေး၊ တတိယတန်း(Grade-3) ကျောင်းသုံးဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် မူလတန်းပြဆရာ၊ ဆရာမများ အားလုံးနှင့် ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် အလယ်တန်းပြဆရာဆရာမများအားလုံး နွေရာသီသင်တန်းတက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ်လူမှုရေး၀န်ကြီး ဦးမြင့်၀င်းက ဝေးလံခက်ခဲဒေသဖြစ်သော ခေါင်လန်ဖူးဒေသပညာရေး အခြေအနေနှင့် ပညာရေးလိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး ဆွေးနွေး ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော ဆရာ၊ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စု၀န်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက သင်ရိုး ညွှန်းတမ်းသစ် စာအုပ်များပေးအပ်ရာ ခေါင်လန်ဖူးမြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။ ယနေ့အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ကချင်ပြည်နယ် လူမှုရေး၀န်ကြီးဦးမြင့်၀င်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၊ ကချင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။




No comments:

Post a Comment