နေပြည်တော် ၂၀၁၉ မတ် ၁၃
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာ၀န်) ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်နှင့် သက်ဆိုင်ရာတာ၀န်ရှိသူများလိုက်ပါလျှက် မတ်လ(၁၃)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ ဇီ၀ဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်ထောင်စု ၀န်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများအား ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၌ အားနည်းချက်များကို အမြန်ဆုံးဖြည့်ဆည်း၍ ကောင်းမွန် အောင်ဆောင်ရွက်ပေးရန်နှင့် အားသာချက်များပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်၊ ၀င်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဆောင် ရွက်ပေးကြရန် မှာကြားသည်။ အလားတူ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာ၀န်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲလင်းမြင့်နှင့် သက်ဆိုင်ရာတာ၀န်ရှိသူများ လိုက်ပါလျက် မိတ္ထီလာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ ပျော်ဘွယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ရမည်းသင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုအားပေးကာ ကြီးကြပ်ရေးမှူး၊ လက် ထောက်ကြီးကြပ်ရေးမှူးများနှင့်တွေ့ဆုံ၍ လိုက်နာဆောင်ရွက်ကြရမည့် တာ၀န်၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်ကြရန်၊ တက္ကသိုလ်၀င်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ၀ိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားသည်။ ယင်းနောက် မေးခွန်းလွှာ၊ အဖြေလွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။ မြန်မာနိုင်ငံတစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာနများနှင့်နိုင်ငံခြားစာစစ်ဌာနများတွင် ဇီ၀ဗေဒ ဘာသာဖြေဆိုရန်(၁၉၆၈၈၈)ဦးစာရင်းပေးသွင်း၍ (၁၉၀၆၀၂)ဦးဖြေဆိုပြီး ဘောဂဗေဒဘာသာ ဖြေဆိုရန်(၆၉၉၃၉၄)ဦး စာရင်းပေးသွင်း၍ (၆၅၇၄၀၄)ဦး အေးချမ်းစွာ ၀င်ရောက်ဖြေဆိုကြသည်။ မန္တလေးတိုင်းဒေသကြီးတွင် ဇီ၀ဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၄၅၄၅၄)ဦး စာရင်းပေးသွင်းကြ၍ (၄၄၂၂၄)ဦး ၀င်ရောက်ဖြေဆိုကြပြီး ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် (၇၈၂၀၆)ဦး စာရင်းပေးသွင်း၍ (၇၄၆၇၄)ဦး ၀င်ရောက်ဖြေဆိုကြသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနများတွင် ဇီ၀ဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၅၄၅၁)ဦး စာရင်းပေးသွင်းကြပြီး (၅၂၅၀) ဦး ၀င်ရောက်ဖြေဆိုကြပြီး ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် (၂၀၆၆၉)ဦး စာရင်းပေးသွင်းပြီး (၁၉၅၀၇)ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment