Tuesday, April 9, 2019
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲကျင်းပ
နေပြည်တော် ၂၀၁၉ ဧပြီ ၈
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ၈၊၄၊၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဦးစိုင်းပန်းဆိုင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ ပညာရှင်များ၊ ပညာရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ပါမောက္ခများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်တာ၀န်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၀င်များ၊ တက္ကသိုလ်များမှ စေတနာလုပ်အားပေး ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ၊ သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ မိတ္ထီလာမြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက”စေတနာပန်း လန်းရာမြေ” စာတတ်မြောက်ရေး ဂုဏ်ပြုသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီနာယက၊ ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေး၀န်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို မိတ္ထိလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့ကျင်းပပြီး ညောင်းဦးခရိုင်ဖွင့်ပွဲအား ၉၊၄၊၂၀၁၉ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှု၏ အောင်မြင်မှုရလဒ်အဖြစ် ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုစဟာမက်ရီဇာ ပါလာဗီဆုနှင့် နိုမာဆုများကို ၁၉၇၁ ခုနှစ် ၁၉၈၃ ခုနှစ်များတွင် အသီးသီးရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်-၄- (Suatainable Development Goals- SDG Goal 4) အရ အားလုံးအကျုံး၀င်မျှတပြီး အရည်သွေးပြည့်၀သည့် ပညာရေးနှင့် အားလုံးအတွက် ဘ၀တစ်သက်တာ သင်ယူမှုရရှိရေး အာမခံဆောင်ရွက်နိုင်ရန်အတွက် အင်ချွန်းကြေညာချက်၏ လုပ်ငန်းစဉ်မူဘောင်တွင်ပါရှိသည့် “၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ လူငယ်နှင့် အရွယ်ရောက်သူ အမျိုးသားနှင့် အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့် အတွက် တတ်မြောက်စေရေး” ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီအောင် ပညာရေးမဟာဗျူဟာ စီမံကိန်းများဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တာ၀န်ယူခဲ့သည့် အစိုးရအဖွဲ့များအနေဖြင့် ကမ္ဘာ့ပညာရေးအဖွဲ့ ၀န်ကြီးများညီလာခံမှ ချမှတ်ခဲ့သည့်မှုဘောင်များကို ယူနီဆက် ၊ ယူအင်ဒီပီ၊ ယူနက်စကိုအဖွဲ့နှင့် အခြားသောနိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုတို့ဖြင့် “လူတိုင်းအတွက် ပညာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို အခြားနိုင်ငံများနည်းတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လက်ရှိပြည်သူ့အစိုးရ တာ၀န်ယူပြီးကာလတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan- NESP) ၂၀၁၆-၂၀၂၁ ၏ ရည်မှန်းချက်တွင် ကဏ္ဍတစ်ရပ်အဖြစ်ပါ၀င်သည့် ကျောင်းပြင်ပပညာရေးဖြင့် ကျောင်းသင်ပညာရေးစနစ်တွင် လက်လှမ်းမမှီခဲ့ကြသည့် ကလေးသူငယ်များအတွက် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်တို့ကို နှစ်စဉ်မြို့နယ်များ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနေပါကြောင်း၊ အသက်အုပ်စု ၁၅ နှစ်နှင့်အထက်ရှိသူများအတွက် အရေး၊ အဖတ်၊ အတွက်တို့ကို ဦးတည်သင်ကြားပေးသည့် စာတတ်မြောက်ရေး(အသုံးလုံး) သင်ကြားခြင်း အစီအစဉ်များကို နှစ်စဉ် ခရိုင်၊ မြို့နယ်များ တိုးချဲ့သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတို့တွင် ပြဌာန်းထားသည့်အတိုင်း နိုင်ငံသားတိုင်းအနည်းဆုံး အခြေခံပညာမူလတန်းဆင့် သင်ယူပြီးမြောက်ရမည်ဆိုသည့် ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာများအရ နိုင်ငံလူဦးရေး၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် လူဦးရေ ၅ သန်းကျော်သည် အခြေခံ မြန်မာစာ အရေး၊ အဖတ်၊ အတွက် တတ်မြောက်မှုမရှိသေးသူများ ဖြစ်နေကြတာကို အစီရင်ခံစာများအရ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာနိုင်ငံများနည်းတူ ဖွံဖြိုးမှုအညွှန်းကိန်း တိုးတက်လာရေးအတွက် ဆောင်ရွက်ရာတွင် ပညာရေး၀န်ကြီးဌာနအနေဖြင့် ကျောင်းပညာရေး(Formal Education- FE) လုပ်ငန်းအစီအစဉ်နှင့်အတူ ကျောင်းပြင်ပပညာရေး (Non- Formal Education – NFE ) လုပ်ငန်းအစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနကို ၂၀၁၆- ခုနှစ်မှစတင်ပြီး အသစ်တိုးချဲ့ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့စတင်ဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင် စာတတ်မြောက်ရေးလုပ်ငန်းများတွင် သင်ယူရန်အတွက် စာရင်းပေးသွင်းထားသည့် အသက်အုပ်စု (၁၅)နှစ်နှင့်အထက် သင်ယူသူ (၈၉၄၁) ဦးကို တက္ကသိုလ်/ကောလိပ် အသီးသီးမှ စေတနာလုပ်အားပေးနည်းပြ ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ် ဆရာ ဆရာများပေါင်း (၁၇၃၃) ဦးက ပညာဒါနပြု သင်ကြားပေးကြမှာ ဖြစ်ပါကြောင်း၊ ယခု မိတ္ထီလာခရိုင်အတွင်းမှာ သင်ယူသူ စာသင်သား (၅၇၉၂)ဦးအား စာသင်ဝိုင်းပေါင်း (၅၀၁)ဝိုင်းဖြင့် မိတ္ထီလာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)တို့မှ စေတနာလုပ်အားပေး တက္ကသိုလ်ကျောင်းသား ကျောင်းသူပေါင်း (၁၀၅၂) ဦးတို့က(၁)ရက် ပျမ်းမျှ(၃)နာရီနှုန်း၊ ရက်အားဖြင့်(၄၀)၊ နာရီအားဖြင့် (၁၂၀)ကြာအောင် စာတတ်မြောက်ရေး သင်ကြားပေးခြင်းနှင့်အတူ ဒေသနေပြည်သူများရဲ့လူမှုဘ၀ မြင့်မားတိုးတက်ရေးအတွက် စာသင်ဝိုင်းတည်ရှိရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်အခြေချနေထိုင်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားကြမှာ ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များ အောင်မြင်ရေးအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ပံ့ပိုးပေးရမည့်အစီအမံများကို ရပ်ကွက်/ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအသီးသီးက ထိရောက်သော အစီအမံများချမှတ်၍ ကွက်ကဲပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ပူးပေါင်းညှိနှိုင်းစီမံ ဆောင်ရွက်ပေးကြသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို နိုင်ငံတော်အစိုးရကိုယ်စား ပညာရေး၀န်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဦးစိုင်းပန်းဆိုင်းက အမှာစကားပြောကြားသည်။ ထို့နောက် မိတ္ထီလာပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “တို့အင် တို့အား” သီချင်းဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်၀င်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။


Subscribe to:
Post Comments (Atom)
No comments:
Post a Comment